အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် သီရိပျံချီဘွဲ့ပေးထားသည့် လီဆူပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်း သေဆုံး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် သီရိပျံချီဘွဲ့ပေးထားသည့် လီဆူပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်း သေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ လက်အောက်ခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်း သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့၏ နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်အတွင်း ရွှေညောင်ပင်ဒေသ တိုက်ပွဲတွင်  စစ်ကောင်စီ လက်အောက်ခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်း နှင့် ၎င်း၏ ပြည်သူ့စစ်အဖွဲ့များမှာ KIA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဒူးလေးပါတီဟု အများက ခေါ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)ဥက္ကဋ္ဌဟောင်း ရွှေမင်းသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ခုနှစ်တွင် ပေးအပ်သည့် သီရိပျံချီဘွဲ့ကိုလည်း ရရှိထားသူ ဖြစ်သည်။ 

 

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရထားသူလည်းဖြစ်ကာ စစ်တပ်၏ အာဏာသိမ်းခြင်းကို ထောက်ခံပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ KIA နှင့်  PDF များကို  တိုက်ခိုက်နေသူဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါ လုပ်ရပ်များကြောင့် ၎င်း၏ ပြည်သူ့စစ်တပ်ဖွဲ့သည် လီဆူတစ်မျိုးသားလုံးကို ကိုယ်စားမပြုကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသည်။