လေယာဥ်ပျက်ကျသည်ကို ဓာတ်ပုံရိုက်သည့် ဒေသခံ(၃)ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရ

လေယာဥ်ပျက်ကျသည်ကို ဓာတ်ပုံရိုက်သည့် ဒေသခံ(၃)ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရ

 လေယာဥ်ပျက်ကျသည် အခြေအနေများအား ဓာတ်ပုံရိုက်သည့် ဒေသခံ(၃)ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ (၂၉)ရက်နေ့က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးပျက်ကျကာ လယ်ကွင်းအတွင်း မီးလောင် ပျက်စီးနေသည်ကို ဓာတ်ပုံရိုက်ယူခဲ့သည့် ဒေသခံ(၃)ဦး အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

"လေယာဉ်ပျက်ကြတာကို ဓါတ်ပုံရိုက်သူ (၃)ယောက် အဖမ်းခံထားရတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ မတ်လ(၁)ရက်နေ့တွင် ပြောသည်။

ဒေသခံ(၃)ကို စစ်ကောင်စီတပ်က ယနေ့  ၂၀၂၄ ခုနှစ် မတ်လ(၁)ရက်နေ့၏ နေ့လည်ပိုင်းအချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ မည့်သည့် ရွာက ဒေသခံများဖြစ်သည်ကိုတော့ မသိရသေးပေ။ 

 စစ်ကောင်စီတပ်၏ တိုက်လေယာဉ် စလင်းမြို့နယ်၊ ကြူဝန်ကြီးကျေးရွာအနီး လယ်ကွင်းအတွင်းသို့ ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်မှူးနှစ်ဦး လေထီးဖြင့်ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ပျက်ကျသွားသည့် လေယာဉ်အပိုင်းအစများနှင့် Black Box ကို  စစ်ကောင်စီတပ်က လာရောက်ယူဆောင်သွားပြီး ဒေသခံများမလာနိုင်ရန် လုံခြုံရေးယူကာ စောင့်ကြည့်ပြီးနောက် ယနေ့တွင် သတင်းများ၌ ပျံ့နှံ့နေသည့် ဓါတ်ပုံများနှင့် ပတ်သက်ပြီး ဓါတ်ပုံရိုက်သူ ဒေသခံ (၃)ဦးကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။ 

ပျက်ကျသွားသည့် MIG-29 တိုက်လေယာဉ်သည် ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေးလေယာဉ်ဖြစ်သလို မြန်မာနိုင်ငံကို ၂၀၀၂ခုနှစ်က စတင်ရောက်ရှိလာကာ ပထမဆုံး မောင်းနှင်ခဲ့သူမှာ  စစ်ကောင်စီတပ်၏ လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်ဖြစ်ကြောင်း CDM ဗိုလ်ကြီးထက်မြတ် နှင့် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် တို့ မတ်လ(၁)ရက်နေ့က ပြုလုပ်သည့် စကားဝိုင်းအစီအစဉ်တွင် အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင်က အတည်ပြု ပြောဆိုထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က MIG-29 တိုက်လေယာဉ်များကို ရုရှားကနေ တစ်စီးလျှင် ဒေါ်လာ (၁၃)သန်းဝန်းကျင်ဖြင့် ပေး၍ ဝယ်ယူခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွင် MIG -29 တိုက်လေယာဉ် စုစုပေါင်း (၃၆)စီးအထိ ပိုင်ဆိုင်ထားကြောင်း သိရသည်။