တောင်ကြီး - မိုင်းပွန် - လွိုင်လင်လမ်းကို ယာယီပြန်ဖွင့်ပြီးနောက် မိုင်းပွန်အထွက် ခေါင်းနွဲ့တောင်းအနီးတွင် ပစ်ခတ်မှု ထပ်ဖြစ်

တောင်ကြီး - မိုင်းပွန် - လွိုင်လင်လမ်းကို ယာယီပြန်ဖွင့်ပြီးနောက် မိုင်းပွန်အထွက် ခေါင်းနွဲ့တောင်းအနီးတွင် ပစ်ခတ်မှု ထပ်ဖြစ်

 

စစ်ကောင်စီတပ်က တောင်ကြီး - မိုင်းပွန် - လွိုင်လင်လမ်းကို ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်ကစတင်ကာ ယာယီဖွင့်ပေးလိုက်ပြီးနောက် မိုင်းပွန်မြို့အထွက် ခေါင်းနွဲ့တောင်းအနီးတွင် ပစ်ခတ်မှုဖြစ်ကာ ကားများပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းပွန်မြို့နယ်အတွင်းပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကုန်စည်နှင့် စက်သုံးဆီများ ပြတ်လာခြင်းကြောင့် ယာယီလမ်းဖွင့်ပေးခြင်းဖြစ်ပြီး လက်ရှိတွင် ခေါင်းနွဲ့တောင်အနီး၌ ထပ်မံပိတ်မိနေသည်ဟု သိရသည်။ 

"ယာယီ ခဏဖွင့်တာပါ။ လုံခြုံမှုတော့ မရှိသေးဘူး။ မိုင်းပွန်မှာ ကုန်စည်ပြတ်ပြီး ဆီ‌လည်းပြတ်၊ မီးလည်းမရတော့လို့ ယာယီလမ်းဖွင့်ပေးနေတာ။ ဆီကားတွေကိုအရင်ဆုံး ပေးသွားနေတယ်။ အခု ခေါင်းနွဲ့တောင်နားမှာ ပစ်ခတ်လို့ ထပ်ပိတ်မိနေပြန်ပြီ။"ဟု မိုင်းပွန်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ မတ်လ(၁)ရက်နေ့ နေ့လည် (၁၂)နာရီဝန်းကျင်အချိန်က ပြောသည်။

တောင်ကြီး-မိုင်းပွန်-လွိုင်လင်လမ်းကို ဖွင့်ပေးထားစဉ်အတွင်း မိုင်း ပွန်မြို့အထွက် ခေါင်းနွဲ့တောင်အနီးသို့ စစ်ကောင်စီတပ်က ရဟတ် ယာဉ်ဖြင့် အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက ပြောသည်။

"စစ်ကောင်စီက လူအင်အားဖြည့်နေတာ။ မြို့တွင်း ကုန်စည်ပြတ် တော့ သူတို့တပ်တွင်းလည်း ရိက္ခာပြတ်လာလို့ ယာယီဖွင့်ပေးတဲ့သဘော။ အခုလက်နက်ကြီးသံတွေကြားလို့ ပြန်ပိတ်မိနေကြတယ်။ "ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ်နှင့် မိုင်းပွန်မြို့နယ်ကြားတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၀)ရက်ကစဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကုန်ကားများနှင့် ခရီးသွားကားများ ရာနှင့်ချီပိတ်မိနေသည်မှာ (၁၁)ဝန်းကျင်ကြာ မြင့်ခဲ့ခြင်းဖြစ်သည်။