ပလက်ဝကို ရက္ခိုင့်တပ်တော် သိမ်းပြီ

ပလက်ဝကို ရက္ခိုင့်တပ်တော် သိမ်းပြီ
ဇန်နဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ညပိုင်းတွင် ဓာတ်ပုံများနှင့်တကွ AAက ထုတ်ပြန်လာသည်။

ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စတင်ခဲ့ပြီး တရွန်အိုင်နှင့် နှုံးဘူးဗျူဟာနှစ်ခုလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါထိုးစစ် မစခင်ကတည်းကပင် ရခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများကို နှစ်ရှည်လများ ဗျူဟာမြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်တွင်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ဗျူဟာစခန်းများကို သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်ဝမြို့တစ်မြို့လုံးကို နောက်ဆုံးတွင်မှ အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ(၁၉) ရှေ့တန်းတပ်မဌာနချုပ်နှင့် တပ်မ(၁၁) လက်အောက်ခံ တပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားသည်ဟု သိရသည်။ 

ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိက တပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် စစ်ဗျူဟာ ကုန်းကြီးလည်းဖြစ်သည်။

ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော စကခ(၁၉)နှင့် တပ်မ (၁၁)တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံး ဗျူဟာစခန်းကုန်းလည်း ဖြစ်သည်။ 

ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

၎င်းဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲ ညွှန်ကြားနေသော ဌာနချုပ်စခန်းဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ(ပလက်ဝ) သုံးနိုင်ငံနယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်ဟု သိရသည်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နှမဒါဗျူဟာနှင့် ခန်ခတောင်ဗျူဟာ စခန်းနှစ်ခုထဲမှ ခန်ခတောင်ဗျူဟာ စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ခန်ခတောင်ဗျူဟာကို AA သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံဘက်အတွင်းသို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။

ပလက်ဝဒေသအတွင်းမှ တစ်ခုတည်းသော နောက်ဆုံးသိမ်းပိုက်ရန် ကျန်ရှိနေသေးသော နှမဒါဗျူဟာမှ ဗျူဟာစခန်းကိုလည်း ဇန်နဝါရီလ (၁၄)ရက်၊ နေ့လယ်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးမှာ စစ်ကောင်စီ လုံးဝကင်းစင်သော ဒေသဖြစ်လာခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

ပလက်ဝမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို AAသည် ထိုက်သင့်သော ပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှုနှင့် စစ်ကောင်စီ၏ အားနည်းချက်ကို အမိအရ ဖမ်းဆုပ်ရယူနိုင်မှုများဖြင့် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများကြားမှ စစ်ကောင်စီတပ်၏ အဓိကကျသော ဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းများနှင့် ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများကို ရက္ခိုင့်တပ်တော်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်နေပြီး ရခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်ရှိ မီးဝဗျူဟာကုန်း တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

မီးဝဗျူဟာနှင့် နှမဒါဗျူဟာကုန်းများအား သိမ်းပိုက်ပြီးသည့် နောက်တွင် ကျောက်တော်မြို့နယ်အတွင်းရှိ အမြောက်တပ်စခန်းတစ်ခုဖြစ်သော အမတ (၃၇၇) စခန်းကိုလည်း ဇန်နဝါရီလ (၁၄)ရက်၊ နံနက်ပိုင်းနှင့် ရသေ့တောင်မြို့နယ်၊ ရီစိုးချောင်းဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ (၁၄)ရက်၊ နေ့လယ်ပိုင်းတွင် ထပ်မံသိမ်း ပိုက်ရရှိခဲ့သည်ဟု သိရသည်။

ရီစိုးချောင်း ဗျူဟာကုန်းကို AAက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြသောကြောင့်  ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်နှင့် မောင်တောမြို့နယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာအနီး၌ ဇန်နဝါရီလ (၁၄)ရက်၊ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၂၀)ကျော်သေကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၁၂)ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk