ခင်ဦးမြို့နယ် နောက်မြောက်ဘက်တွင်  စစ်ကောင်စီတပ်၏  လက်နက်ကြီး ပစ်ခတ်မှုကြောင့် PDF ရဲဘော်(၁)ဦး ကျဆုံးခဲ့ရ

ခင်ဦးမြို့နယ် နောက်မြောက်ဘက်တွင်  စစ်ကောင်စီတပ်၏  လက်နက်ကြီး ပစ်ခတ်မှုကြောင့် PDF ရဲဘော်(၁)ဦး ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၏ အနောက်မြောက်ဘက်တွင်  ၂၀၂၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကြောင့် PDFရဲဘော်(၁)ဦး ကျဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။  

ဇွန်လ(၂၄)ရက်နေ့က မြစ်တော်ကျေးရွာ၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့တွင် ခင်ဦးမြို့ပေါ်သို့ ခြေလျင်စစ်ကြောင်းဖြန့်လာရာ ခင်ဦးမြို့အနောက်မြောက်ဘက် ကံသာယာ(မြောက်)ရွာ အရောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံကာကွယ်ရေး ရဲဘော်(၅)ဦး ထိမှန်ကာ (၁)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ(၂၄)ရက်နေ့မှာပင် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် တဲစုကျေးရွာမှ ဒေသခံ(၉)ဦး လက်နက်ကြီးထိမှန်ရာတွင် (၄၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

ယနေ့ ဇွန်လ(၂၅)ရက်နေ့၏ နေ့လည်(၁)နာရီအချိန်အထိ စစ်ကောင်စီတပ်သားများသည် ခင်ဦးမြို့ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာတွင် ဇွန်လ(၂၀)ရက်နေ့က စတင်ကာ တပ်စွဲပြီး ညအိပ်နေခဲ့သော စစ်ကောင်စီ တပ်သားအင်အား(၁၀၀)ကျော်သည် မြင်းဒေါင်းကျေးရွာမှထွက်ကာ တဲစုကျေးရွာဘက် ခြေလျင်စစ်ကြောင်းထိုး၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် တဲစုကျေးရွာမှ ဒေသခံ(၉)ဦးအထိ ထိမှန်ကာ (၄၅)နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ကျန်(၈)ဦးမှာလည်း ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် တဲစုကျေးရွာရှိ ကား(၁)စီးအား မီးရှို့ဖျက်ဆီးပြီး နေ့လယ်ပိုင်းတွင် မြစ်တော်ကျေးရွာအတွင်း ဝင်ရောက်ခဲ့သောကြောင့် အနီးဝန်းကျင်ရှိ တဲစု၊ ဗအိုး၊ ကံသာယာ၊ ကံသစ် စသည့်ကျေးရွာများမှ ဒေသခံ(၄၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency