မိုင်းဆတ်မြို့တွင် မတ်လအတွက် အုပ်စု(၃)စုခွဲပြီး လျှပ်စစ်ဓါတ်အားပေးမည့် အချိန်များကို လွယ်ဆမ်ဆုံကုမ္ပဏီက ကြေညာ

မိုင်းဆတ်မြို့တွင် မတ်လအတွက် အုပ်စု(၃)စုခွဲပြီး လျှပ်စစ်ဓါတ်အားပေးမည့် အချိန်များကို လွယ်ဆမ်ဆုံကုမ္ပဏီက ကြေညာ
ဖေဖော်ဝါရီ 28, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း ရေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် လွယ်ဆမ်ဆုံကုမ္ပဏီက မတ်လအတွင်း လျှပ်စစ်ဓါတ်အား ပေးဝေမှုကို အုပ်စု(၃)စုခွဲ၍ အလှည့်ကျပေးသွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ကြေညာလာသည်ကို တွေ့ရသည်။

လွယ်ဆမ်ဆုံကုမ္ပဏီက မယ်ပန်ရေအားလျှပ်စစ်စက်ရုံတွင် နွေရာသီရေနည်းပါးလာသည့်အတွက် ရေအဝင်ပေါ်မူတည်ပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမှုများကို  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကနေ မတ်လ(၃၁)ရက်နေ့အထိ အုပ်စု(၃)စုခွဲ၍ လျှပ်စစ်မီးပေးမည်ဖြစ်ပြီး ရေအဝင်ပေါ်မူတည်ပြီးတော့  ဓါတ်အားပေးချိန် ပြောင်းလဲနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

လွယ်ဆမ်ဆုံကုမ္ပဏီ အနေဖြင့် လျှပ်စစ်ဓါတ်အားပေးမည့် သတ်မှတ်ကြာချိန်များမှာ နံနက်အစောပိုင်းတွင် ကြာချိန် (၃)နာရီခွဲ၊ နံနက်ပိုင်းတွင် ကြာချိန် (၂)နာရီ၊ နေ့လည်ပိုင်းတွင် ကြာချိန်  (၁)နာရီခွဲ၊ ညပိုင်းတွင် ကြာချိန် (၂)နာရီခွဲ နှင့် ညနက်ပိုင်းတွင် ကြာချိန် (၅)နာရီ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ မြို့နယ်များအနက် တာချီလိတ်မြို့တွင် ထိုင်းလျှပ်စစ်နှင့် လာအို လျှပ်စစ်ဓါတ်အားများကို အသုံးပြုနေသလို တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် လာအိုလျှပ်စစ်ဓါတ်အားကို အသုံးပြုနေပြီး မိုင်းဖြတ်မြို့နှင့် မိုင်းဆတ်မြို့တို့တွင် ရေအားလျှပ်စစ်ဓါတ်အားကို အသုံးပြုနေကြရသည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေအားလျှပ်စစ်ဓါတ်အားကို အသုံးပြုနေကြရသည့် မိုင်းဖြတ်မြို့နှင့် မိုင်းဆတ်မြို့တို့တွင် လျှပ်စစ်ဓါတ်အား အသုံးပြုသည့် ပြည်သူများအတွက် အဆင်မပြေမှုများစွာနှင့် ကြုံတွေ့နေလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။