တာချီလိတ်မြို့ 1G1 ဟိုတယ်တွင် အပျော်လွန် ငွေပြတ်သွား၍ နေရပ်ပြန်ရန် ထိုင်းနိုင်ငံတွင်း ခိုးဝင်သည့် မလေးရှားနိုင်ငံသား (၇)ဦးကို ထိုင်းရဲက ဖမ်းမိ

တာချီလိတ်မြို့ 1G1 ဟိုတယ်တွင် အပျော်လွန် ငွေပြတ်သွား၍ နေရပ်ပြန်ရန် ထိုင်းနိုင်ငံတွင်း ခိုးဝင်သည့် မလေးရှားနိုင်ငံသား (၇)ဦးကို ထိုင်းရဲက ဖမ်းမိ
ဇွန် 9, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်မှ ပိုက်ဆံပြတ်ပြီး ပြန်လာသည်ဟုဆိုသည့် မလေးရှားနိုင်ငံသား အမျိုးသား (၇)ဦး ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ တရားမဝင်ဖြတ်ကူးလာစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု သိရသည်။

အဆိုပါ မလေးရှားနိုင်ငံသား အမျိုးသား (၇)ဦးသည် 1G1 ဟိုတယ်အနီးရှိ မြန်မာ -ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းကို ၂၀၂၂ ခုနှစ် ဇွန်လ (၈) ရက်နေ့ နေ့လယ်ပိုင်းက တရားမဝင်ဖြတ်ကူးလာကြသည်ကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

အမျိုးသား (၇)ဦးအဖွဲ့ကို မသင်္ကာသဖြင့် စုံစမ်းမေးမြန်းရာမှ မလေးရှားနိုင်ငံသို့ ပြန်ရန် တာချီလိတ်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးလာကြသည့် မလေးရှားနိုင်ငံသားများဖြစ်ကြောင်း စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့သည် တာချီလိတ်ဘက်တွင် ဖျော်ဖြေရေးလုပ်ငန်းများဖြင့် နာမည်ကြီးသည့် 1G1 ဟိုတယ်ကို သွားရောက်ပြီးနောက် ပိုက်ဆံပြတ်သွားသဖြင့် ထိုင်းဘက်မှတဆင့် မလေးရှားသို့ပြန်ရန် ခိုးဝင်လာကြခြင်းဖြစ်ပြီး နယ်စပ်ချောင်းကို ဖြတ်ကူးရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် (၁၅၀၀၀)ဆီ ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါအမျိုးသားအဖွဲ့ကို COVID 19 စစ်ဆေးထားပြီး သက်ဆိုင်ရာဥပဒေများဖြင့် အမှုဖွင့်အရေးယူမည်ဟု သိရသည်။

Source & Photo: MRG Online