မင်းပြားမြို့နယ်ရှိ နောက်ဆုံးကျန် အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA အပြီးသိမ်း

မင်းပြားမြို့နယ်ရှိ နောက်ဆုံးကျန် အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA အပြီးသိမ်း
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AAနှင့် နီးစပ်သူများနှင့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရက္ခိုင့်တပ်တော်သည် အဆိုပါတပ်စခန်း၏ ကာကင်းစခန်း(၃)ခုနှင့် အရေးပါသောနေရာတစ်ခုကို သိမ်းထားပြီဖြစ်ပြီး တိုင်းဗဟို(၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုတွင် သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

"မနက်က အထိတော့ သေနတ်ဖောက်သံကြားသေးတယ်။ အခုတိုင်းဗဟို (၉)တစ်ခုလုံးကို အပြီးသတ်သိမ်းလိုက်ပြီ။"ဟု ဒေသခံတစ်ဦး က Tachileik News Agencyကိုပြောသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ကစတင်ကာ ရက္ခိုင့်တပ်တော်က မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ အသက်မသေစေလိုလျှင် လက်နက်ချ အညံ့ခံရန်လည်း သတိပေးပြောဆိုခဲ့သည်။

"ညကတည်းက (ဖေဖော်ဝါရီလ ၂၅ ရက်)ကပဲ သိမ်းလိုက်တာ။ မနက်ဖြန်တော့ သတင်းထုတ်ပြန်မယ်ထင်တယ်။"ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုအတည်ပြုသည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ၏ စကခ (၉)လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ (၃၇၉)၊ ခမရ (၃၈၀)နှင့် ခမရ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ် သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်း မီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သိမ်းပိုက်ပြီး ဇန်နဝါရီ လ (၂၈)ရက်နေ့တွင် ခမရ(၃၈၀)တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိ ခမရ (၃၇၉)နှင့် ခမရ(၅၄၁) တပ်ရင်းတို့ကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ထပ်မံသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်က စစ်ကူလာစဉ် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency