ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ်အား PDF တိုက်ခိုက်ရာ လက်နက်ခဲယမ်းများရရှိ

ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ်အား PDF တိုက်ခိုက်ရာ လက်နက်ခဲယမ်းများရရှိ
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။

ဝန်းသိုမြို့မှ ထွက်လာသည့် ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီးသည့် ခမရ(၃၆၉)မှ အင်အား (၈၀)ခန့်ရှိ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းစစ်ကောင်စီတပ်ကို မင်းကုန်းရွာအရှေ့ဘက် ကြက်ခြံ၌ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ငယ်(၄)လက်နှင့် ကျည်အိမ်(၁၃)ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ ဝန်းသိုတပ်ရင်းမှ ဟောင်ဝှစ်ဇာဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး အမှတ် (၆၀၀၆)တင့်ကားတပ်ရင်းမှ တက်လာသည့် Mi-35 (၁)စီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းတိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ကောလင်းခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကိုလည်း  နိုဝင်ဘာလ (၅)ရက်နေ့မှစ၍ လက်ရှိအချိန်အထိ သိမ်းပိုက်ထားဆဲဖြစ်သည်။

#TachileikNewsAgency