တာချီလိတ်မြို့တွင် 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းကို စစ်တပ်က အရင် ဝင်ရောက်စီးနင်း ဖမ်းပြီးမှ ရဲတပ်ဖွဲ့ကို အသိပေး 

တာချီလိတ်မြို့တွင် 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းကို စစ်တပ်က အရင် ဝင်ရောက်စီးနင်း ဖမ်းပြီးမှ ရဲတပ်ဖွဲ့ကို အသိပေး 
ဖေဖော်ဝါရီ 23, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ဝင်ရောက်စီးနင်းခြင်းသည် ရဲတပ်ဖွဲ့ဌာနချုပ်က ကြိုတင် သိရှိရခြင်းမရှိဘဲ တပ်ဘက်က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံး(ဌာနချုပ်)ရှိ သတင်းရင်းမြစ်များထံက သိရသည်။

"ကျွန်တော်တို့မှာ အစောပိုင်းက အောက်ခြေက တက်လာတာ ဘာမှလည်း မရှိသလို ဒီကိစ္စကလည်း ရဲတပ်ဖွဲ့က ကြိုတင်စီစဉ်ထားတဲ့ စီမံချက်လည်း မဟုတ်ဘူး။ အခုလို လုပ်တယ်ဆိုတာကို မနက်အစောပိုင်းမှ သတင်းပို့လာလို့ သိရတယ်။ ဖမ်းမိထားတဲ့အထဲက သက်ဆိုင်ရာ နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့တရုတ်တို့ကို ပြန်လွှဲပေးဖို့အတွက် လုပ်နေတယ်လို့ သိရတယ်။ တခြား အသေးစိတ်တော့ မသိရသေးပါဘူး။"ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံး(ဌာနချုပ်)မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency ကို ပြောသည်။

တာချီလိတ်တွင် ပထမဆုံး အင်အားသုံးပြီး ဝင်ရောက်စီးနင်းမှုအဖြစ် 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး  နံနက်ပိုင်း အချိန်အထိ စီးနင်းထားပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ အချုပ်ကားများ ခေါ်ယူပြီး ထိုင်းနိုင်ငံသားများကို ကနဦး ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်သလို နံနက်အစောပိုင်းတွင်လည်း ထိုင်းနိုင်ငံသားများထဲက အမျိုးသားများကို ရွေးချယ်ပြီး အချုပ်ကား(၂)စီးဖြင့် ခေါက်တုံ့ခေါက်ပြန် တင်ဆောင်သွားကြောင်း သိရသည်။

 

ဆက်လက်၍ ဟိုတယ်များက လွဲ၍ ရပ်ကွက်များအတွင်း အဆောက်အဦးလုံးပြတ် ငှားရပ်ပြီး လုပ်ကိုင်နေသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာများထဲက အချို့ကို ဝင်ရောက်စီးနင်းရန် လျာထားကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

"တာချီလိတ်မှာတော့ အခုလို လုပ်ငန်းမျိုးလုပ်ရင် နယ်မြေခံတပ်နဲ့ ရဲကို မဖြစ်မနေ လိုင်းကြေး အနည်းဆုံး သိန်းဂဏန်းကနေ စပြီး ပေးရတာပဲ။ အခုကြည့် အခုလိုဖြစ်လာတော့ အဲ့ဒီ လိုင်းကြေးယူထားတဲ့ အဖွဲ့တွေဆီက  ဘာမှ မကြားရသလို။ ဘာအကာအကွယ်လဲမရဘူး"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနှင့်တရုတ်နိုင်ငံသားများကို ခွဲခြား စိစစ်နေလျှက်ရှိသလို မြန်မာနိုင်ငံသား လူငယ်များကိုလည်း ပြန်မလွတ်ပေးသေးလို ဖုန်းနှင့်ဆိုင်ကယ်များကိုလည်း ပြန်မပေးသေးကြောင်း သိရသည်။