တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ အချုပ်ကားများဖြင့် အမျိုးသားများကို အသုတ်လိုက် ဖမ်းဆီး ခေါ်ဆောင် 

တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ အချုပ်ကားများဖြင့် အမျိုးသားများကို အသုတ်လိုက် ဖမ်းဆီး ခေါ်ဆောင် 
ဖေဖော်ဝါရီ 23, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် နံနက်(၈)နာရီအချိန်အထိ အမျိုးသားများကို ရွေးချယ်ကာ အချုပ်ကားဖြင့် တင်ဆောင်မှုများရှိနေကြောင်း သိရသည်။ 

"အစောပိုင်းက ဖမ်းသွားတဲ့ ထိုင်း(၁၀၀)ကျော်ကိုတော့ ဘယ်ခေါ်သွားလဲမသိဘူး။ အမျိုးသားတွေကို ရွေးချယ်ပြီးတော့ အခုမနက် (၇)နာရီခွဲကျော်လောက်ကနေ အချုပ်ကားထဲ ထည့်ပြီး တင်ခေါ်သွားတယ်။ အဲ့မှာ အလုပ် လုပ်တဲ့ မြန်မာလူငယ်တွေကိုလည်း ပြန်မလွတ်ပေးသေးဘူး။ တော်တော်များများ ပိတ်မိနေတယ်။ ဖုန်းတွေလည်း သိမ်းထားတယ် ပြန်မပေးဘူး။ တာချီလိတ်ကတော့ သိတဲ့အတိုင်း လူငယ်တော်တော်များများက အွန်လိုင်းအလုပ်မှာ ဝင်လုပ်ကြတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး  ဝင်ရောက်စီးနင်းထားပြီး အဆောက်အဦးထဲရှိ ညဆိုင်းဆင်းနေသည့် လူရာကျော်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးထားသည်များထဲက တရုတ်နိုင်ငံသားနှင့်ထိုင်းနိုင်ငံသားများ နှင့် အမျိုးသား၊ အမျိုးသမီးခွဲ၍ စိစစ်နေကြောင်း သိရသည်။

နံနက်(၈)နာရီအချိန်တွင် အချုပ်ကား(၂)စီးဖြင့် ယောကျာ်းလေးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ အချုပ်ကားထဲတွင် ထိုင်းနှင့်တရုတ်နိုင်ငံသားတို့ ဖြစ်နိုင်ချေရှိကြောင်းလည်း သိရသည်။

 

 လောင်းကစားလုပ်ငန်းနေရာအတွင်း   မီးခံသေတ္တာများထဲက ငွေများစွာနှင့်ဖုန်းတို့ကို  ဝင်ရောက် ဖမ်းစီးသူများက ကျောပိုးအိတ်များဖြင့် ထည့်၍လည်း ယူဆောင်သွားကြောင်းသိရသည်။