နမ့်ဖတ်ကာတွင် KIA အုပ်ချုပ်ရေးစတင်နေပြီ ဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မလုပ်နိုင်သေး

နမ့်ဖတ်ကာတွင် KIA အုပ်ချုပ်ရေးစတင်နေပြီ ဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မလုပ်နိုင်သေး
ဖေဖော်ဝါရီ 21, 2024 | ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသော ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကို KIA က အုပ်ချုပ်ရေး စတင်နေပြီဖြစ်ကာ ဒေသခံများ လည်ပြန်လည်ဝင်ရောက်နေပြီဖြစ်သော် လည်း ပြန်လည်ထူထောင်တည်ဆောက်ရေးကို မလုပ်ဆောင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းရှင်းလင်းရေး လုပ်ငန်းများ အကုန် မပြီးစီးသေးဘဲ ကျွဲ၊ နွားများ မိုင်းနင်းမိကာ သေဆုံးမှုများရှိနေပြီး တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်ကာလအတွင်း နေအိမ်များလည်းဖောက်ထွင်းခံခဲ့ရသည်များရှိသည်ဟု ဆိုသည်။

“မိုင်းတွေက တပ်ဘေးတွေမှာ အကုန် မရှင်းရသေးဘူး။ ကျွဲ၊ နွားတွေနင်းလို့ ပေါက်တာတွေ ရှိသေးတယ်။ တပ် ဘေးက စာသင်ကျောင်းဖက်လည်း အကုန် မရှင်းရသေးဘူး။ တည်ဆောက်ရေးမှာတော့ ဘာမှမထူးသေးဘူး။ မီးလောင်ပြာကျတဲ့ နေအိမ်တွေကို ကိုယ့်ဟာကိုယ် ပြန်လုပ်နေရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ပြောသည်။

ထို့အပြင် နမ့်ဖတ်ကာတွင် KIA၊ TNLA၊ NMDAA တပ်ဖွဲ့များလှုပ်ရှားနေပြီး တပ်သားသစ်စုဆောင်းခံရမည်စိုးရိမ် ကာ နေရပ်မပြန်သူများလည်းရှိနေသည်ဟု သိရသည်။

“ပြန်တဲ့သူများတယ်။ အနည်းငယ်လောက်ပဲကျန်တော့တယ်။ အခြေအနေကတော့ ပုံမှန်မဖြစ်သေးဘူး။ အဖွဲ့ တိုင်းက တပ်သားစုတော့ တချို့မပြန်ကြသေးဘူး။ အဖွဲ့တိုင်း လူစုတော့ ကြောက်တဲ့လူကြောက်သေးတယ်။  တချို့ဂိတ်တွေက နီးကပ်တော့ ပွတ်တိုက်မှုရှိမှာလေ။ ပြည်သူတွေကြောက်ကြတယ်။ အဓိက KIA နဲ့ TNLA”ဟု ၎င်းကဆက်ပြောသည်။

နမ့်ဖတ်ကာနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်များမရှိတော့ဘဲ (၂၇)မိုင်ဝေးသည့် မူဆယ်တွင်သာရှိတော့ပြီး စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများလည်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

“နမ့်ဖတ်ကာမှာ ည(၆)နာရီဆို အဝင်ပိတ်တယ်။ ဒေသခံတွေကိုတော့ ပြန်လာဖို့ပြောထားတာကြာပြီ။”ဟုလည်း ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းကြောင့် နမ့်ဖတ်ကာရှိ ကားလမ်းမဘေး ရပ်ကွက်(၂)၊ ပန်ဂျရောပ်၊ ဇီဒဘန်ရယ်ကျေးရွာများ ပျက်စီးသွားပြီး နေအိမ်အလုံး(၉၀)ကျော် ပျက်စီးနိုင်သည်ဟု ဆိုသည်။

နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ် ခလရ(၁၂၃)တပ်စခန်းကို KIA က ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးခဲ့သည့် တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစား တိုက်ခိုက် ရေးလေယာဉ်ကိုလည်း KIA က ပစ်ချခဲ့သည်။