ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်နှင့် ပြည်သူများနစ်နာမှုကို တိုက်ပွဲတွင် ပါဝင်ပတ်သက်သူများ တာဝန်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက် သဘောထားထုတ်ပြန်

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်နှင့် ပြည်သူများနစ်နာမှုကို တိုက်ပွဲတွင် ပါဝင်ပတ်သက်သူများ တာဝန်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက် သဘောထားထုတ်ပြန်
အောက်တိုဘာ 8, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်နှင့် ပြည်သူများနစ်နာမှုကို တိုက်ပွဲတွင် ပါဝင်ပတ်သက်သူများ တာဝန်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက် သဘောထားထုတ်ပြန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန်နှင့် တိုက်ပွဲကာလအတွင်း ပြည်သူများထိခိုက်နစ်နာမှုများကို တိုက်ပွဲတွင်ပါဝင်သူအားလုံးက တာဝန်ယူ၊ တာဝန်ခံသင့်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက်က သဘောထားကြေညာချက် ထုတ်လိုက်သည်။
"အခုစစ်ပွဲဖြစ်တယ်။ နှစ်ကာလများစွာ ကြာရှည်ခဲ့တယ်။ ဒဏ်ရာရရှိသူတွေ များစွာရှိသလို စစ်ပွဲအတွင်းမှာ သေဆုံးခဲ့သူတွေလည်း အများကြီးရှိတယ်။ သူတို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာက ဘာမှ မရှိခဲ့ဘူး။ သူတို့ဒဏ်ရာရခဲ့ရင် သူတို့ဘာသာပဲ ကြိတ်မှိတ်ပြီး ကုသရတယ်။ အဲဒီလိုမျိုးတွေရှိခဲ့တယ်။ ဒါက လူသားချင်းစာနာမှုအနေနဲ့ရော မဖြစ်သင့်ဘူး။ အဲဒါကြောင့် လူငယ်ကွန်ယက်အနေနဲ့ ဒဏ်ရာရတဲ့သူအပေါ် သူတို့ကို ထိခိုက်အောင်လုပ်ခဲ့သူတွေက ကုသပေးသင့်တယ်လို့ မြင်တယ်။တိုက်ပွဲမှာ ပါဝင်ပတ်သက်သူအားလုံးက တာဝန်ယူသင့်၊ တာဝန်ခံသင့်တယ်လို့ လူငယ်ကွန်ရက်က မြင်ပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်၏ ပြန်ကြားရေးတာဝန်ခံ နန်းပန်းအိဖြူက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့၌ ပြောသည်။
ကျောက်မဲမြို့နယ်၊ ဟိုင်းကွီကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာအုပ်စု၊ ပုံဝိုးကျေးရွာအုပ်စု၊ ခန်ခွဲကျေးရွာအုပ်စု၊ တောင်ထိပ်ကျေးရွာအုပ်စုများအနီးပတ်ဝန်းကျင်တွင် စက်တင်ဘာလ (၃၀)ရက်နေ့မှစ၍ တပ်မတော်နှင့် RCSS/SSA တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခဲ့သဖြင့် တိုက်ပွဲရှောင်နေသည့် ဒေသခံများအတွက် COVID 19 ကာကွယ်ရေးအပိုင်းတွင် စိုးရိမ်နေရသည့်အပြင် ရွေးကောက်ပွဲကာလနီးချိန်ဖြစ်၍ နိုင်ငံသားတစ်ဦး၏အခွင့်အရေးဖြစ်သည့် မဲပေးခွင့်ပါ ဆုံးရှုံးမည်ကို စိုးရိမ်နေရသည်ဟု လူငယ်ကွန်ရက်အဖွဲ့က ထောက်ပြသည်။
"အခုစစ်ဖြစ်နေတာက ရွေးကောက်ပွဲကလည်း နိုဝင်ဘာလ (၈) ရက်ဆိုရင် ရွေးကောက်ပွဲ စတော့မယ်လေ။ အရမ်းနီးကပ်နေတဲ့အချိန်မှာ စစ်ပွဲဖြစ်နေတဲ့အခါကျတော့ ပြည်သူလူထုရဲ့ မဲပေးခွင့် ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်မှာကြောက်တယ်။ ပြီးကျရင် ကိုဗစ်ကာလမှာ ဒီလိုမျိုးစစ်ပွဲဖြစ်လာတဲ့အခါကျတော့ လူထုက စစ်ဘေးရှောင်တွေအတွက် အထောက်အကူပြုပစ္စည်းက အရမ်းရှာရခက်တယ်လေ။ ပြီးကျရင် စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုပြောရမလဲ။ မြို့ထဲမှာနေတဲ့သူတွေက ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်နေရတဲ့အချိန်မှာ သူတို့က ကိုယ့်ကျန်းမာရေးထက် တစ်ခြားဟာတွေကို ပိုမိုပြီးတော့ စိုးရိမ်နေရတယ်ပေါ့။ အခုဆိုရင် စိုက်ပျိုးထားတာတွေ ရိတ်သိမ်းရမယ့်အချိန်ကလည်း ရောက်နေပြီ။ အခုလို စစ်ဖြစ်နေတော့ သူတို့စိုက်ပျိုးနေတာတွေလည်း မရိတ်သိမ်းနိုင်ဘူးပေါ့။"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်၏ ပြန်ကြားရေးတာဝန်ခံ နန်းပန်းအိဖြူက ပြောသည်။
နှစ်ပေါင်းများစွာရှိနေသည့် စစ်ပွဲများကြောင့် စိုးရိမ်ပူပန်နေသည့်အပြင် လက်ရှိကာလတွင် ကမ္ဘာ့ကပ်ရောဂါ COVID 19 အတွက်ပါ စိုးရိမ်ပူပန်နေရသည့်အတွက် ထိုးစစ်ဆင်တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က သဘောထားကြေညာချက်တစ်စောင်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်သည် လားရှိုးမြို့တွင် ရုံးစိုက်ထားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွက်ရက်ချိတ်ဆက်ထားသည့် လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~