ကျောက်မဲမြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်၍ ဒဏ်ရာ ရသွားသည့် လူငယ်(၂)ဦးကို ထောင်ဒဏ် (၁)လချလိုက်ရာ သီပေါထောင် ပို့ဆောင်စဉ် Covid-19 ပိုးတွေ့၊ ပိုးတွေ့သူနှင့် ထိတွေ့သူများနိုင်

ကျောက်မဲမြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်၍ ဒဏ်ရာ ရသွားသည့် လူငယ်(၂)ဦးကို ထောင်ဒဏ် (၁)လချလိုက်ရာ သီပေါထောင် ပို့ဆောင်စဉ် Covid-19 ပိုးတွေ့၊ ပိုးတွေ့သူနှင့် ထိတွေ့သူများနိုင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇွန်လ ၂၀ ရက် ညပိုင်းက ညမထွက်ရအမိန့် ချိုးဖေါက်သည်ဟုဆိုကာ ပစ်ခတ်ခံရသော လူငယ် (၂)ဦးအား ထောင်ဒဏ်တစ်လစီချမှတ်ပြီး သီပေါအကျဉ်းထောင်သို့ပို့ဆောင်စဉ် Covid-19 စစ်ဆေးရာမှ ပိုးတွေ့ရှိသဖြင့် အကျဉ်းသားများသီးသန့် Covid-19 ကုသစောင့်ကြည့်ဆောင်၌ သီးသန့်ထား ထားရကြောင်း သိရသည်။

အဆိုပါ လူငယ်နှစ်ဦးသည် အခြားလူငယ် (၃)ဦးနှင့်အတူ ဆိုင်ကယ် (၃)စီးဖြင့် ကျောက်မဲမြို့ဘူတာအနီး ( ၅ ) ရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်မှ ဇွန်လ (၂၀)ရက် ည (၉)နာရီခွဲဝန်းကျင်အချိန်က  ပြန်လာခဲ့စဉ် အောင်ဆန်းလမ်းမကြီး( ပုလဲလမ်းကြားအနီး)၌   စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်မှန်ပြီး ဆေးတပ်သို့ သွားရောက်ကုသစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ လူငယ်နှစ်ဦးအား ညမထွက်ရ ဥပဒေချိုးဖေါက်မှုဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးပြီး ထောင်ဒဏ်(၁)လ ချမှတ်ကာ ဇွန်လ (၂၂)ရက်နေ့၌ သီပေါအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့စဉ် Covid-19  ကာလဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်း မထည့်မီ  စစ်ဆေးခဲ့ရာ နှစ်ဦးစလုံးတွင် Covid-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံသော သတင်းရင်းမြစ်ထံက သိရသည်။

ပိုးတွေ့သူနှစ်ဦးသည် ကျောက်မဲမြို့ အမှတ် (၂)ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ပြီး ဇွန်လ (၂၀)ရက်နှင့် (၂၂)ရက်အကြား ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့ ထိုင်ခဲ့သည့် ဘီယာဆိုင်၊ ဒဏ်ရာရစဉ်က ဆေးတပ်မှ ဆေးကုပေးခဲ့သူများ၊ ဖမ်းဆီး စစ်ဆေးစဉ်က ထိတွေ့မှုရှိခဲ့သည့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ရွှေ့ပြောင်း သယ်ဆာင်စဉ် ထပ်မံထိတွေ့ခဲ့သူများအပါအဝင် ၎င်းတို့နှင့် ထိစပ်သူများနှင့် ပတ်သက်၍ မြို့အတွင်းပျံ့နှံ့မှု မည်မျှရှိထားသည်ကို နောက်ကြောင်းလိုက်ရန် လိုအပ် လျက်ရှိသည်။ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က စတင်ကာ ဇွန်လ(၂၂)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၂၀၀)နီးပါးအထိ ရှိနေကြောင်း သိရသည်။ 

#TachileikNewsAgency