တာချီလိတ်မြို့တွင် ကားအတွင်း ပေါက်ကွဲမှုဖြစ်ပွား

 တာချီလိတ်မြို့တွင် ကားအတွင်း ပေါက်ကွဲမှုဖြစ်ပွား
ဖေဖော်ဝါရီ 21, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကားအတွင်း ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် တာချီလိတ်မြို့  ဝိန်းကျောက်ရပ်ကွက်အပိုင်း ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးဘေး ရွှေလင်းယုန် ဂေါက်ကွင်းအနီးတွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကားအတွင်း ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဖြစ်သူ ယာဆူသည် မျက်နှာနှင့် ဆီးခုံ၊ ပေါင်၊ ဗိုက် နှင့် လက်တို့တွင် ပြင်းထန်သည့် ဒဏ်ရာများစွာ ရရှိကာ စိုးရိမ်ရသည့် လူနာအဖြစ် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

"ပေါက်ကွဲမှုဖြစ်တာ လူကတော့ သေသလား ရှင်သလားဆိုတာတော့ သေချာမသိရဘူး။ ဒဏ်ရာရတဲ့ လူကိုတော့ကားအတွင်းကနေ ထုတ်ထားတာတွေ့ခဲ့ရတယ်။"ဟု လမ်းသွား လမ်းလာ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိသည့်အပြင် ကား၏ ခေါင်မိုးနှင့်မှန်တံခါးများ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည်အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရသေးပေ။