စစ်ကိုင်းတွင် စစ်မှုထမ်းဥ‌‌ပဒေဆန့်ကျင်ကာ PDF ထံဝင်လာသည့် ရဲဘော် ၅၀ ဦး သင်တန်းဆင်း

စစ်ကိုင်းတွင် စစ်မှုထမ်းဥ‌‌ပဒေဆန့်ကျင်ကာ PDF ထံဝင်လာသည့် ရဲဘော် ၅၀ ဦး သင်တန်းဆင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥ‌‌ပဒေကို ဆန့်ကျင်ကာ ပြည်သူ့ကာကွယ်‌ရေးတပ်တွင်းသို့ ဝင်လာသည့် ရဲဘော်(၅၀)ဦး ပထမဆုံးအကြိမ် အခြေခံစစ်ပညာသင်တန်းဆင်းပြီဖြစ်ကြောင်း စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းထံမှ သိရသည်။

စစ်မှုထမ်းဥ‌‌ပဒေဆန့်ကျင်သည့် လူငယ်များပါဝင်သော အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ၂၀၂၄ခုနှစ် မေလ (၁၅)ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ဆက်သွယ်တာတော့ ရာကျော်ပါတယ်ဗျ။ အသေချာစိစစ်ပြီးမှ (၅၀)ဝန်းကျင်ပဲ တက်ခွင့်ရတာပါဗျ။ တပ်ရင်းရဲ့ ရန်ပုံငွေ အခက်ခဲကြောင့်လဲပါတယ်ဗျ။ အခက်ခဲတွေကတော့ အဓိကပြောရရင် ရန်ပုံငွေပါ။ ရဲဘော်အသစ်‌တစ်ယောက်ဝင်လာရင် သူ့အတွက် ရိက္ခာ၊ ယူနီဖောင်း၊ လက်နက်၊ ခဲယမ်းအတွက် စဉ်းစားရတော့ပေါ့ဗျာ။"ဟု စစ်ကိုင်းခရိုင်အမှတ်(၃)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တပ်ရင်းအနေဖြင့် ရိက္ခာနှင့် စစ်ဆင်ရေးအတွက် သုံးရသည့်အပြင် လေ့ကျင်ရေးအတွက်လည်း ရန်ပုံငွေကိုသုံးရသဖြင့် အခက်ခဲများရှိသည်ဟု ဆိုသည်။

"အခုလို စကစရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအရင်ကထက် စကစကို ဆန်ကျင့်လာကြတာပါ။ အကြမ်းဖက်စစ်ကောင်စီက အခုဆို အဖက်ဖက်ကနေ ပြိုကွဲနေတာကိုတွေ့ရတယ်။ အဲတော့ မကြာခင် ‌‌ကျွန်တော်တို့ နိုင်တော့မှာပါ။ အဲဒီအတွက် ပြည်သူတွေကလည်း သည်းခံပြီးတော့ ဆက်လက်ထောက်ပံ့ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။"ဟု ၎င်းကဆက်ပြောသည်။

အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအလေးပြုခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ တပ်ရင်းတာဝန်ရှိပုဂ္ဂိုလ်များက  အမှာစကားပြောကြားခြင်းနှင့် ထူးချွန်‌သင်တန်းသားများအား ဆုပေးအပ်ချီးမြင့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Sagaing People Defence Force Battalion 3