ဒီးမော့ဆိုနှင့် ဘောလခဲတွင် တိုက်ပွဲဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သား (၁၆)ဦးထက် မနည်းသေဆုံး၊ စစ်ကောင်စီတပ်က ဒေသခံ (၁၁)ဦးကို ဖမ်းဆီးထား

ဒီးမော့ဆိုနှင့် ဘောလခဲတွင် တိုက်ပွဲဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သား (၁၆)ဦးထက် မနည်းသေဆုံး၊ စစ်ကောင်စီတပ်က ဒေသခံ (၁၁)ဦးကို ဖမ်းဆီးထား
မတ် 11, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်တို့တွင် ၂၀၂၃ခုနှစ်၊ မတ်လ (၁၀)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ (၃)ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၁၆)ဦးထက်မနည်း သေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့တွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF )ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါသဲရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သား(၁၄)ဦးသေကြောင်း သိရသည်။

ယင်းနေ့တွင်ပင် ဒီးမော့ဆို အရှေ့ခြမ်း၊ ဒေါတမြေးရွာ၏ အရှေ့ဖက် တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီတပ်အား KA က စောင့်ကြို၍ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ(၂)ဦး ထပ်သေကြောင်း သိရသည်။

မတ်လ(၁၀)ရက်နေ့မှာပင်  ဘောလခဲဖက်မှ တက်လာသောစစ်ကောင်စီစစ်ကြောင်းကို ဒီးမော့ဆိုမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ ဒေါတမကြီးအုပ်စု၊ ဒေါညေးခူရွာ၏တောင်ဖက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ သေးသည်။

၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်ကလည်း ဒီးမော့ဆိုအရှေ့ခြမ်း ဒေါသဲရွာသား(၂)ဦးမှာ ဆိုလစယ်ရွာသို့ မော်တော်ယာဉ်ဖြင့်သွားစဉ် စစ်ကောင်စီတပ်နှင့်တိုးပြီး စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ရွာသား(၁)ဦးမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော် လည်း ကျန်(၁)ဦးမှ ယခုထိပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

ယင်းနေ့တွင်ပင် ဘောလခဲမြို့မှ ခမရ(၄၂၉)တပ်ရင်းနှင့် အမှတ်။ (၇၇)ခြေမြန်တပ်ရင်း ထုတ်နုတ်တပ်အပါအဝင် စုစုပေါင်းအင်အား (၂၀၀)ခန့်သည် ဒေါတမကြီးအုပ်စုဖက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင် နေခြင်းကြောင့် နှင့် ဒေါတမကြီးကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း(၇)ရွာမှ ဒေသခံ(၅၀၀၀)ဝန်းကျင် တိမ်းရှောင်ခဲ့ရကြောင်း သိရရသည်။

၂၀၂၃ ခုနှစ်၊ မတ်လ(၇)ရက်တွင် ဘောလခဲစစ်ဗျူဟာမှ အင်အား (၇၀)ဝန်းကျင်သည် ဒေါတမကြီးအုပ်စုသို့ ဦးတည်လျက်ထိုးစစ်ဆင်လာပြီး လမ်းတွင်တွေ့ရှိသည့် လူကြီး၊ လူငယ်အမျိုးသမီး အပါ အဝင်(၁၄)ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ   အမျိုးသမီးတစ်ဦးနှင့် ကလေး(၂)ဦးကို ပြန်လည်လွတ်ပေးခဲ့သော် လည်း အမျိုးသား(၁၁)ဦးမှာ ယနေ့အထိဖမ်းဆီး ခေါ်ဆောင်သွားဆဲဖြစ်ကြောင်း သိရသည်။