ညောင်ရွှေမြို့တွင် မီတာခ မပေးဆောင်၍ မီးလိုက်ဖြတ်နေသူများကို ပုံရိုက်ထားကြရန် အချင်းချင်း အသိပေးဆော်ဩထား

ညောင်ရွှေမြို့တွင် မီတာခ မပေးဆောင်၍ မီးလိုက်ဖြတ်နေသူများကို ပုံရိုက်ထားကြရန် အချင်းချင်း အသိပေးဆော်ဩထား
ဇူလိုင် 11, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် လျှပ်စစ်မီတာခ မပေးဆောင်၍ဟု ဆိုကာ မြို့နယ်လျှပ်စစ်ရုံးက လျှပ်စစ်မီးလိုင်းများ လိုက်လံဖြတ်တောက်နေမှုများနှင့် ပတ်သက်၍ မီးလာဖြတ်သူများ၏ ပုံများကို ရိုက်ထားကြရန် မြို့နယ်တွင်းနေ ပြည်သူများအချင်းချင်း အသိပေး ဆော်ဩထားကြောင်း သိရသည်။

တခြားမြို့တွေမှာတော့ မီတာခ လာကောက်သူတွေ။ မီးလာဖြတ်သူတွေကို ဖောင်းဒိုင်းလုပ်နေကြတယ်။ ကျွန်တော်တို့မြို့မှာလည်း PDF က တခုခုတော့ ပြန်ပြီး တုံ့ပြန်နိုင်အောင် မီးလာဖြတ်တဲ့သူတွေကို ပုံတွေရိုက်ထားဖို့ အသိပေးထားကြတယ်။ NUG အစိုးရက အခွန်အခတွေကို ဆိုင်းငံ့ပေးထားတယ်။ အဲ့အတွက် ကျွန်တော်တို့လည်း မဆောင်ဘူး။ လောလောဆယ်တော့ အိမ်ကိုတော့ မလာသေးဘူး။ လာရင်တော့ မှတ်တမ်းပုံရိုက်ထားမယ်

ဟု ညောင်ရွှေဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ဇူလိုင်လ(၁၁)ရက်နေ့တွင် ပြောသည်။

ညောင်ရွှေမြို့ပေါ် ရပ်ကွက်တစ်ခုတွင် မီလိုင်း လာရောက်ဖြတ်စဉ်

ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့တွင် ညောင်ရွှေမြို့ပေါ် အချို့ရပ်ကွက်များရှိ မီတာခမပေးဆောင်သည့် နေအိမ်များကို  မြို့နယ်လျှပ်စစ်ရုံးအဖွဲ့က မီးဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မီတာခ ကောက်ခံမှုများနှင့် ပတ်သက်၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက် ကြေးနန်းဝင်းရပ်ကွက်ရှိ လမ်းပေါ်တွင် ယနေ့ ဇူလိုင် (၁၁) နံနက် ၁၀ နာရီဝန်းကျင်အချိန်က မီတာခကောက်သူ (၂)ဦးအနက် (၁)ဦးမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်းလည်း သိရသည်။