ဝန်းသိုစစ်ကောင်စီတပ်က ကောလင်းမြို့ကို လက်နက်ကြီးနှင့်ပစ်ခတ်၊ အရပ်သား ၆ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဝန်းသိုစစ်ကောင်စီတပ်က ကောလင်းမြို့ကို လက်နက်ကြီးနှင့်ပစ်ခတ်၊ အရပ်သား ၆ ဦးသေဆုံး ၂ ဦးဒဏ်ရာရ
ဇန်နဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား (၈)ဦးထိမှန်ကာ (၆)ဦး သေဆုံးကြောင်း သိရသည်။

ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၂၀)မှ လက်နက်ကြီးဖြင့် (၈)ကြိမ်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့ အရှေ့ဈေးအတွင်းကျရောက် ပေါက်ကွဲပြီး ဈေးသူ၊ ဈေးသားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Kawlin Revolution -KRထံမှ သိရသည်။

လက်နက်ကြီးကြောင့် ဈေးဆိုင်များလည်း ပျက်စီးသွားခဲ့ပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

ပြီးခဲ့သည့်နှစ် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ကလည်း ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၂၀)မှ လက်နက်ကြီးဖြင့် ကောလင်းမြို့သို့ ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးပြီး အရပ်သား (၂)ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည်။  

ထို့အပြင် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်လည်း လက်နက်ကြီးဖြင့် ကောလင်းမြို့ကို ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား(၄)ဦးနှင့် ဘုန်းကြီးတစ်ပါး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများအနက် (၂)နှစ်အရွယ် ကလေးတစ်ဦး၊ (၈)နှစ်အရွယ် ကလေးတစ်ဦးအပါ (၃)ဦးတို့ သေဆုံးခဲ့ရသည်။

#TachileikNewsAgency

Photo: Kawlin Revolution-KR