လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

Photo: CJ
Photo: CJ
လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ
ဇန်နဝါရီ 7, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ခိုက်မှုများရှိနေပြီး အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ယမန်နေ့ကတည်းက လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆို (၆) မိုင် နှင့် ဘက်တလင်ကျေးရွာအထိ တပ်ဖြန့်ကာ စစ်ကြောင်းထိုးသဖြင့် ဒေသခံအချို့မှာ ညတွင်းချင်း စစ်ဘေးရှောင်ခဲ့ကြရပြီး ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါနေအိမ်တွင် လက်နက်ကြီးကျ၍ မိသားစုအားလုံး ထိခိုက်ဒဏ်ရာရပြီး ဖခင်ဖြစ်သူမှာ သေဆုံးသွားရကြောင်း သိရသည်။

လက်နက်ကြီးခြံထဲကျလို့ တစ်မိသားစုလုံး ဒဏ်ရာရသွားတယ်။ အိမ်ထောင်ဦးစီး ဖခင်ကတော့ လက်နက်ကြီးဒဏ်ရာကြောင့်ပဲ ဆုံးသွားတယ်။ ပွဲချင်းပြီး ဆုံးတာတော့ မဟုတ်ဘူး။ အိမ်နားက ဆရာမတွေက ကုပေးသေးတယ်ပြောတယ်။ အခြေအနေအရက ဆေးရုံသွားလို့မရ ဘယ်ကိုမှထွက်လို့မရတဲ့အခြေနေကြောင့် ဆုံးသွားတာဖြစ်တယ်။ ဇနီးနဲ့ သားလည်း ဒဏ်ရာရသွားတယ်။ အခြေနေအသေးစိတ်ကိုတော့ မပြောနိုင်ဘူး။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

ယင်းအပြင် မြို့တွင်းထိခိုက်သေဆုံးသည့် အရပ်သားများလည်းရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် လွိုင်ကော်မြို့တွင်း လမ်းမတလျှောက် တပ်စွဲထားပြီး လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်ထိ ရပ်ကွက်များတွင် ပိတ်မိနေသည့် အရပ်သားများရှိနေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency