ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ ခမရ ၃၅၁ တောင်ခြေရင်းစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ ခမရ ၃၅၁ တောင်ခြေရင်းစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျူချောင်ရွာအနီးရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းအား KNLAနှင့် BPLA မဟာမိတ်ပူးပေါင်းတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ မိနစ်(၂၀)ကြာ တိုက်ခိုက်ပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်သားများသည် စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ (၆၀)မမ တစ်လက်၊ (၆၀)မမ ဗုံးသီး (၅၂)လုံး၊ Jumper တစ်ခု၊ စကားပြော စက်အကြီး တစ်လုံး၊ အီနာဂါ (၁၃)လုံး၊ လက်ပစ်ဗုံးအလုံး(၂၀)၊ RPG သီး (၂၂)လုံး၊ RPG ပို့ယမ်း (၁၆)ခု၊ တင့်ဖျက် (၃)ခု၊ (၄၀)မမသီး (၁၂)လုံး၊ မြေမြှုပ်မိုင်း (၉)လုံးနှင့် (၅.၅၆)ကျည် (၁၁၂၈)တောင့်ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို မသိရသေးဟု BPLA က သတင်းထုတ်ပြန်ထားသည်။

BPLAသည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်းအမှတ်(၁၀၇)စစ်ဒေသနှင့် မြောက်ပိုင်းအမှတ်(၂၀၃)စစ်ဒေသတို့တွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : BPLA