မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ဝှက်၍သယ်လာသည့် မြန်မာ ၅၃ ဦးကို ဖမ်းမိ

မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ဝှက်၍သယ်လာသည့် မြန်မာ ၅၃ ဦးကို ဖမ်းမိ
By Tachileik News Agency

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ဝှက်၍သယ်လာသည့် တရားမဝင် မြန်မာလုပ်သား (၅၃) ဦးကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ် မတ်လ (၁၄) ရက်နေ့ နံနက်အစောပိုင်းတွင် ရှာဖွေတွေ့ရှိ၍ ဖမ်းဆီးထားကြောင်း  သိရသည်။

တက်ခ်ခရိုင်အတွင်း စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ဥာဉ့်နက်ပိုင်းအကျော်တွင် ရောက်လာသည့် ကုန်စိမ်းကားတစ်စီးအား လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့က စစ်ဆေးရာ အထောက်အထားမပါသည့် အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၃၁)ဦးကို ရှာဖွေတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ရာသီဥတု ပူပြင်းနေသည့်အချိန် ကုန်စိမ်းကားအတွင်းပုန်း၍ လိုက်လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အသက်ရှုမွန်းကြပ်လောက်သည်အထိ ဆိုးဝါးသည့်အနေအထားကိုတွေ့ရကြောင်း  စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ Mae Sot Media က ဖေါ်ပြသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် မကြာမီကလည်း တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို  ဝှက်၍သယ်လာသည့် ကုန်စိမ်းကားတစ်စီးကို ဖမ်းမိထားသဖြင့် ကုန်စိမ်းကားများ၏ အတွင်းပိုင်းကို စစ်ဆေးရာမှ ထပ်မံဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးထားသည့် မြန်မာလုပ်သားများကို COVID 19 စစ်ဆေးပေးထားပြီး ယာဉ်မောင်းကိုလည်း ဖမ်းဆီးထားကာ ဆက်လက်စစ်ဆေးဖေါ်ထုတ်နေကြောင်း သိရသည်။

COVID 19 ဒဏ်ကိုခံနေရသည့်ကာအတွင်း နိုင်ငံကို စစ်အာဏာသိမ်းပြီး အကြမ်းဖက်နှိမ်နှင်းနေမှုများကြောင့် မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် လုံခြုံမှုအခြေအနေမရှိသည့်အတွက် အိမ်နီးချင်းထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ခိုးဝင်ကာ အလုပ်အကိုင်ရှာဖွေသည့်အရေအတွက်မှာ ပုံမှန်ကာလထက် အဆမတန်များလာသည်ကို တွေ့လာရသည်။