မောင်တောဒေသရှိ စစ်ကောင်စီတပ်၏ ဗောဓိကုန်းစခန်းအား ရက္ခိုင့်တပ်တော်သိမ်းပိုက်

မောင်တောဒေသရှိ စစ်ကောင်စီတပ်၏ ဗောဓိကုန်းစခန်းအား ရက္ခိုင့်တပ်တော်သိမ်းပိုက်
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မောင်တောဒေသရှိ စစ်ကောင်စီတပ်၏ ဗောဓိကုန်း စခန်းအား ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

အဆိုပါစခန်းကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းကစတင်ကာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၂၄)နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် စခန်းမကျရေးအတွက် လေကြောင်းနှင့် လက်နက်ကြီး အမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သား အလောင်း (၁၄)လောင်းအပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၂)ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု AAက ဆိုသည်။

ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီတပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးကြောင်း သိရသည်။ 

အဆိုပါတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇)၊ ခမရ (၅၃၈)တပ်ရင်းသုံးရင်းလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီးပစ်ကူများပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency