မြိုင်မြို့နယ်အတွင်း ပျူစခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ရာ အထိနာ ထွက်ပြေးသွားပြီးနောက် ကျန်ရှိ စစ်ကောင်စီတပ်သား အလောင်းများကို စွန့်ပစ်ထားခဲ့၍ PDF က သင်္ဂြိုလ်ပေးရ

Photo:  မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Photo: မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မြိုင်မြို့နယ်အတွင်း ပျူစခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ရာ အထိနာ ထွက်ပြေးသွားပြီးနောက် ကျန်ရှိ စစ်ကောင်စီတပ်သား အလောင်းများကို စွန့်ပစ်ထားခဲ့၍ PDF က သင်္ဂြိုလ်ပေးရ
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

 မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာ ပျူစောထီးစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာ ခဲယမ်းများကို သိမ်းဆည်းရရှိသည့်အပြင် သေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်းများကို တွေ့ရှိရ၍ PDF က သင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။

  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၏ လဆန်းပိုင်းက စတင်ကာ ရိက္ခာလာပို့သည့် ထောက်ပို့စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး သေဆုံးစစ်ကောင်စီတပ်သားများကို ၎င်းတို့အဖွဲ့က  ဖြစ်သလို စွန့်ပစ်ထားခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက သင်္ဂြိုလ်ပေးခဲ့ရသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မိနစ်(၃၀)ကြာတိုက်ပွဲဖြစ်ပြီး မြိုင်မြိုနယ် သံပရာခြံ ရွာအနောက်ဖျားတွင် ကာကင်းယူထားသော စစ်ကောင်စီတပ်သား(၂)ဦးသေကာ RPG အဖူး(၂)ဖူး၊ RPG ပို့ယမ်း တစ်ခု၊ Enquament (၂)ခု၊ ပစ္စတိုထည့် အိတ်တစ်ခု၊ MA ကျည်ဘောက်တစ်ခု၊ MA ကျည်(၉၆)တောင့်၊ ဓားရှည် တစ်ချောင်း၊ စစ်သုံးကျောပိုးအိတ်(၃)လုံး ၊ စစ်သုံးမိုးကာအင်္ကျီ(၂)ထည်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရ သည်။

မြိုင် ပကဖ ၏ သတင်းထုတ်ပြန်ချက်အရ ကန်နီရွာပျူစောထီးစခန်းသို့ ရိက္ခာပိုလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အကြိမ်ကြိမ်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များအထိနာ၍ နောက်ပြန်ဆုတ်သွားရာ ၎င်း တို့ဘက်မှ သေဆုံးသူ စစ်ကောင်စီတပ်သားအလောင်းများအား မြှပ်နှံခြင်းမရှိဘဲ သေဆုံးခဲ့သည့်နေရာတွင် စွန့်ပစ်ထားခဲ့သဖြင့် စစ်ကောင်စီတပ်သား အလောင်း(၃)လောင်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့လိုက်ပြီး အမျှအတန်းပေးဝေခဲ့သည်ဟု ထုတ်ပြန်ထားသည်။