ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDFတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDFတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ဇီဖြူကုန်းရွာ ပျူ‌စောထီးစခန်းမှ စစ်ကောင်စီတပ်စစ်ကြောင်းသည် စစ်ကြောင်းထိုးလာရာ ကျေးနင်းရွာနှင့် ကြောင်သန်းကျေးရွာအကြားတွင် ပုလဲမြို့နယ်အခြေစိုက် ပကဖတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်စစ်ကြောင်းကို PDFတပ်များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများသဖြင့် နံနက်(၁၁)နာရီကျော်တွင် တိုက်လေယာဉ်တစ်စီးနှင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ လာရောက်ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်  PDFတပ်ဘက်က ထိခိုက်မှုမရှိခဲ့ဘဲ နေ့လည်(၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များသည် အရပ်ဝတ်များဖြင့် ကျေးနင်းကျေးရွာအတွင်းသို့ ဝင်ရောက်သွားသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် စစ်ကြောင်းတလျောက်ရှိ ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်း၊ သေတ္တရာကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

 

နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြရသော စစ်ဘေးရှောင်များကို သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ ပကဖများ၊ အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး ပြည်သူများနှင့်အတူ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း အပါအဝင် အစားအသောက်များ ကျွေးမွေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : တိမ်းရှောင်လာရသည့် ဒေသခံများ