ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီဗုံးကြဲမှုကြောင့် စာသင်နေသည့် ကလေး ၄ ဦးနှင့် အရပ်သားတစ်ဦးသေပြီး ကလေး ၁၄ ဦးထက်မနည်းဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီဗုံးကြဲမှုကြောင့် စာသင်နေသည့် ကလေး ၄ ဦးနှင့် အရပ်သားတစ်ဦးသေပြီး ကလေး ၁၄ ဦးထက်မနည်းဒဏ်ရာရ
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| ကယား

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင်းက စစ်ရှောင်ကလေးများ စာကြားနေသည့် စာသင်ကျောင်းတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေး(၄)ဦး သေဆုံးပြီး (၁၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် (၆၊ ၇၊ ၈)တန်းမှ ကျောင်းသား(၄)ဦး သေဆုံးခဲ့ရပြီး ထပ်မံဗုံးကြဲ ခြင်းကြောင့် ဆန်စက်ပိုင်ရှင် သက်ကြီးပိုင်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် မူကြိုအရွယ်တစ်ဦး အပါအဝင် ကျောင်းသား(၁၄)ဦးထက်မနည်းနှင့် ကျောင်းဆရာမ(၂)ဦး၊ ဒေသခံ(၅)ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကျောင်းအဆောက်အဦး (၆)လုံး ပျက်စီးပြီး ဘာသာရေးအဆောက်အဦးတစ်လုံး၊ နေအိမ်(၅)လုံးနှင့် ကားတစ်စီးလည်း ပျက်စီးသွားသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီသည် လေယာဉ်ဖြင့် (၁၀)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်ခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချထားပြီး NUGနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အမြန်ဆုံး ဝိုင်းဝန်းအရေးယူဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုထားသည်။

#TachileikNewsAgency