မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်

မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်
စက်တင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

မူဆယ်မြို့နယ် ကောင်ရာရွာမှ TNLAရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ (၉၉)၊ ခြေမြန်တပ်ရင်း (၄၁၉)ပူးပေါင်း ပြည်သူ့စစ်တပ်နှင့် TNLAတို့ လွယ်ကျယ်လော့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးသို့ စစ်အင်အားဖြင့်တင်းလာသည့် စစ်ကောင်စီတပ် စကခ(၁၇)၊ ခမရ(၅၇၄)၊ (၅၇၇)၊ ရမခ/ ခလရ(၄၅)ပူးပေါင်း ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ စက်တင်ဘာလ (၂၀)ရက်နေ့ကလည်း မူဆယ်မြို့ ဆိုင်ခေါင်ရွာအနီးနှင့် ကွတ်ခိုင်မြို့ ခိုမုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တနေ့လုံးနီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရှိသည့် လွယ်ကျယ်လော့၊ (၁၀၅)မိုင်နှင့် နမ့်ဖက်ကာ တပ်စခန်းတို့မှ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် မူဆယ် နာထန်၊ မာန်ကန်နှင့် ကွတ်ခိုင်၊ ခိုမုန်းရွာအနီးသို့ လက်နက်ကြီးဖြင့် (၆၅)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် လွယ်ကျယ်လော့နှင့် နမ့်ဖက်ကာတပ်စခန်းမှနေ၍ လက်နက်ကြီးဖြင့် အကြိမ်(၇၀)ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က မိုးကုတ်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိကာ နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်နှင့် TNLAတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၁)ရက်နေ့အထိ တိုက်ပွဲ(၅၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency