မန္တလေးမြို့တွင် ရခိုင်အစားအစာများကို မစားကြရန်နှင့် ရခိုင်ဆိုင်များကို မသွားကြရန် စစ်ကောင်စီထောက်ခံသူများ လှုံ့ဆော်နေ

မန္တလေးမြို့တွင် ရခိုင်အစားအစာများကို မစားကြရန်နှင့် ရခိုင်ဆိုင်များကို မသွားကြရန် စစ်ကောင်စီထောက်ခံသူများ လှုံ့ဆော်နေ
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မန္တလေးမြို့တွင် ရခိုင်အစားအစာများကို မစားကြရန်နှင့် ရခိုင်ဆိုင်များကို မသွားကြရန် စစ်ကောင်စီထောက်ခံသူများက လူမျိုးရေးပဋိပက္ခအသွင်‌ဆောင်သည့် ဝါဒဖြန့်စာရွက်များကိုကြဲချခြင်း၊ ကပ်ခြင်း လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် (၃၅)လမ်းနှင့် ဝေယံထွန်းစျေး(၄၁ လမ်းညစျေး)နေရာများတွင် ယင်းသို့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်သည့် စာရွက်များကို စစ်တပ်ထောက်ခံသူများက လိုက်ကပ်ပြီး ကြဲချခဲ့သည်ဟု သိရသည်။

"အရပ်ဝတ်တွေနဲ့လုပ်သွားကြတယ်။ ဘယ်သူလုပ်တယ်ဆိုတာကတော့ ယူနီဖောင်းတွေနဲ့မဟုတ်တော့ အတိအကျတော့ မသိရဘူး။ ဒါပေမယ့် အခုလိုကာလအတွင်းမှာ လူမျိုးရေးဝါဒဖြန့်တာကတော့ စစ်ကောင်စီဘက်ကပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်၏ ရေတပ်သင်္ဘော(၃)စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်ဖျက်ဆီးပြီးနောက် စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ယင်းကဲ့သို့ လူမျိုးရေးပဋိပက္ခ ဖြစ်စေသည့်ဝါဒဖြန့်ခြင်းများ စတင်လာကာ ယနေ့တွင် လူမြင်ကွင်းများ၌ ပြုလုပ်လာကြခြင်းဖြစ်သည်။

"မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတန်းတူ အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်မရရှိတဲ့ ပြဿနာဖြစ်တယ်။ အဲဒီပြဿနာကြောင့် အခုဖြစ်ပျက်နေတဲ့တိုက် ပွဲ ပြည်တွင်းစစ်ဟာ အဲဒီပြဿနာကြောင့်ဖြစ်နေတာ ဖြစ်တယ်။ အဲ ဒီအပေါ်မှာ ဖြေရှင်းဆောင်ရွက်မှု မလုပ်တဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲက ကြီးကျယ်လာတာဖြစ်တယ်။ အဲဒါကြောင့် ဒီအပေါ်မှာ လူမျိုးရေးပဋိပက္ခ ပြဿနာဖန်တီးတဲ့ပုံစံမျိုး လုပ်ရပ်မျိုးဟာ လုံးဝမပြုလုပ်ထိုက်တဲ့ လုပ်ရပ်လို့ပြောလိုတယ်။"ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဦးသာထွန်းလှက Tachileik News Agency ကိုပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့်အခြေအနေကို မြန်မာပြည်သူများ အထိုက်အလျောက်နားလည်ထားပြီး လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ အခြေအနေအား ရှု့မြင်သုံးသပ်နိုင်ပြီဖြစ်သဖြင့် ယခုကဲ့သို့ လူမျိုးရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းအားနားလည်နိုင်လိမ့်မည်ဟု ရှု့မြင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များနှင့် ပလက်ဝမြို့တို့ကို ရက္ခိုင့်တပ်တော်က ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သဖြင့် စစ်ကောင်စီတပ်က အဆိုပါမြို့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိနေသည်။