လားရှိုးတွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖွဲ့ဝင်သစ် (၁၀၀)ကျော် ကို (၁၁)ရက်အတွင်း အပစ်အခတ် စစ်သင်တန်ပေးပြီး လက်နက်ပေးထား

လားရှိုးတွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖွဲ့ဝင်သစ် (၁၀၀)ကျော် ကို (၁၁)ရက်အတွင်း အပစ်အခတ် စစ်သင်တန်ပေးပြီး လက်နက်ပေးထား
ဖေဖော်ဝါရီ 10, 2024 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ရေး ရှုံးနိမ့် စေခဲ့သည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လားရှိုးမြို့နယ်အတွင်း ပြည်သူ့စစ်အဖွဲ့များ အင်အားတိုးချဲ့ကာ (၁၁)ရက်တွင်း အပစ်အခတ် စစ်သင်တန်းပို့ချပြီးနောက် လက်နက်တပ်ဆင်ပေးမှုအဖြစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အားကစားလေ့ကျင့်ရေး အားကစားရုံတွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့၏ အဖွဲ့ဝင်အသစ်များအား ပစ်ခတ်ရေး အခြေခံစစ်ပညာသင်တန်း ပို့ချမှု သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင် အပ်နှံခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ စည်းရုံးသိမ်းသွင်းမှုဖြင့် လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့ ဝင်အသစ်အဖြစ် စစ်သင်တန်းတက်ထားသည့် (၁၀၉)ဦးအား အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ကိုယ်တိုင် အခမ်းအနားတွင် စည်းရုံးပြောဆိုပြီး လက်နက်တပ်ဆင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို  ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ကနေ ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ဖေဖော်ဝါရီလ(၈)ရက်နေ့အထိ သင်တန်ပေးပြီးနောက် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်၍ အပစ်ခတ် စစ်သင်တန်းကို  (၁၁)ရက်သာ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ရှမ်းပြည်နယ်နှင့်ကရင်နီ(ကယား)ပြည်နယ်တို့တွင် စစ်ဆင်ရေးတာဝန်ယူထားသည့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးသည် ရှမ်းမြောက်ဒေသတွင်း ၁၀၂၇ စစ်ဆင်ရေးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် ရှိခဲ့ရာမှ ၂၀၂၄ခုနှစ်၏ ဖေဖော်ဝါရီလ(၁)ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပြီး ကစထမှူးဖြစ်လာခဲ့ပြီးနောက်တွင် ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်(ဌာန)အဖွဲ့ဝင်သစ် တိုးချဲ့ရေး စီမံချက်ဖြင့် ယခုလို ပြည်သူ့စစ်အင်အားတိုးချဲ့ကာ စစ်သင်တန်းများပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံ့အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ နှင့် တိုက်ခိုက်မှုအတွင်း အင်အားလျော့နည်းလာနေရာမှ ၂၀၂၄ခုနှစ်၏ ပထမလက စပြီး တိုင်းနှင့်ပြည်နယ်များတွင် ပြည်သူ့စစ်(ဌာန)အဖွဲ့များအဖြစ် တိုးချဲ့ဖွဲ့စည်းမှုများပြုလုပ်ပြီး လက်နက်တပ်ဆင်ပေးမှုများကို ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။