တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာဘက်က တရားမဝင် ချောင်းရွှေ လုပ်ငန်း လုပ်ကိုင်နေမှုကြောင့် မယ်ဆိုင်ချောင်းရေ ညစ်ညမ်းနေမှုကို ထိုင်းဘက် တာဝန်ရှိသူများက ဓါတ်ခွဲစစ်ဆေး အဖြေရှာနေ

တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာဘက်က တရားမဝင် ချောင်းရွှေ လုပ်ငန်း လုပ်ကိုင်နေမှုကြောင့် မယ်ဆိုင်ချောင်းရေ ညစ်ညမ်းနေမှုကို ထိုင်းဘက် တာဝန်ရှိသူများက ဓါတ်ခွဲစစ်ဆေး အဖြေရှာနေ
ဖေဖော်ဝါရီ 9, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း တာချီလိတ်ဘက်က အကြီးစား ချောင်းရွှေလုပ်ငန်း လုပ်ကိုင်နေမှုများကြောင့် ရေညစ်ညမ်းမှုများ ဖြစ်ပေါ်နေမှုအတွက်  မယ်ဆိုင်ဘက် ဌာနဆိုင်ရာများက အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီး ချောင်းရေကို ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးအဖြေရှာနေကြောင်း သိရသည်။

 MaesaiPress

မယ်ဆိုင်ချောင်းအတွင်းရှိ ချောင်းရေမှာ မိုးရွာ၍ ရေကြီးရေလျှံစဉ်ကလို အရောင်မျိုးမဟုတ်ဘဲ မီးခိုးရောင်သကဲ့သို့  ညစ်ညမ်းရောင် ဖြစ်ပွားနေသည်မှာ သိသိသာသာ ဖြစ်ပေါ်နေသည့်အတွက် မယ်ဆိုင်ဘက်ဌာနဆိုင်ရာများက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့က အရေးပေါ် အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

 MaesaiPress

"ချောင်းထိပ် အတွင်းပိုင်းမှာ အကြီးစားလုပ်နေတာ တစ်နှစ်ကျော်ပြီ၊ စက်တွေနဲ့ကို ချနေတာ။  အခုက ဖရိုဖရဲဖြစ်နေတဲ့ ကာလဆိုတော့  ဒီလို လုပ်နေကြတာက တရားဝင်လို့လည်း ပြောလို့မရဘူး။ သက်ဆိုင်ရာတွေကလည်း ငွေရနေရင် ဘာမဆို ခွင့်ပြုနေတာများတယ်ဆိုတော့ ထုံးစံအတိုင်းပေါ့။ ချောင်းအတွင်း ရေကတော့ သိသိသာသာ ပြောင်းလဲနေတာတော့ ဟုတ်တယ်။"ဟု လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းနေသူ  တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ပြောသည်။

မြန်မာဘက်အခြမ်း လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း [ တည်နေရာ - 20°23'45.0"N 99°44'52.0"E ]

မယ်ဆိုင်ချောင်းရေကို များသောအားဖြင့် တာချီလိတ်က စိုက်ပျိုးရေးလုပ်ကိုင်သူများထက် မယ်ဆိုင်ဘက် စိုက်ပျိုးရေးလုပ်ကိုင်သူများက အဓိက အားထား  ရယူသုံးစွဲသည့်အတွက် မယ်ဆိုင်ချောင်းရေ၏ ရေအရည်အသွေး ညစ်ညမ်းမှုအခြေအနေများကို ထိုင်းဘက် သက်ဆိုင်ရာများက အမြဲစောင့်ကြည့်လေ့ရှိပြီး ယခုအခါတွင်လည်း ဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားသည့် အဖြေရလာဒ်မှာ တစ်ပတ်အတွင်း သိရမည်ဟု သိရသည်။

"ရွှေလုပ်ငန်း လုပ်နေတဲ့ နေရာက မယ်ဆိုင်ချောင်းလို့လည်း ပြောလို့ရသလို မယ်ဆိုင်ချောင်း မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ မယ်ဆိုင်ချောင်းဆိုပြီး ဘယ်ကနေ ဘယ်လို သတ်မှတ်လဲ မသိပေမဲ့။ အခု ရွှေလုပ်တဲ့နေရာက ချောင်းတလျှောက် ရေတွေဟာ မယ်ဆိုင်ချောင်းထဲကိုပဲ စီးဆင်းတာ။ လွယ်တော်ခမ်းကျေးရွာအုပ်စုထဲမှာ အဲ့နေရာကို တော်ရုံသွားဖို့ကတော့ မလွယ်ဘူး အဆင့်ဆင့် ဖြတ်ကျော်ရတယ်။ တရုတ်တွေ ဘယ်လိုလုပ် အဲ့နေရာအထိ ရောက်သွားကြသလဲတော့မသိဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

20°23'45.0"N 99°44'52.0"E ချောင်းတစ်လျှောက် တွေ့ရစဉ်

ရေ၏ အဖြေရရှိလာပါက မြန်မာဘက် သက်ဆိုင်ရာများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

မယ်ဆိုင်ချောင်းရေ အခြေအနေ