ပခုက္ကူ - ရေစကြို ကားလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ အနီးကပ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

ပခုက္ကူ - ရေစကြို ကားလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ အနီးကပ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ် ဆပ်ချောင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၂)ဦးသေပြီး သေနတ်(၂)လက်သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် PDF က သတင်းထုတ်ပြန်ထားသည်။

ဆပ်ချောင်းရွာ ပျူစောထီးစခန်းမှ အိမ်စီးကား၊ ရှေ့ပြေးဆိုင်ကယ်များနှင့် ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပခုက္ကူ - ရေစကြိုကားလမ်းတစ်နေရာတွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦးတို့ သေဆုံးပြီး ကျန်ရှိ စစ်ကောင်စီတပ် သားများနှင့် ပျူစောထီးများမှာ ကားပေါ်မှ ဆင်းပြေးသဖြင့် လွတ်မြောက်သွားကာ G3 တစ်လက်နှင့် ကာဘိုင်တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပြီး တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊  ပခုက္ကူ ပကဖ တပ်ခွဲ  ၂  နှင့် Southern Yesagyo PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။