ရှားတောမြို့နယ်အတွင်း ကလေး(၃)ဦး နှင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အရပ်သား(၇)ဦးကို  စစ်ကောင်စီတပ်က ပစ်သတ်သွား

ရှားတောမြို့နယ်အတွင်း ကလေး(၃)ဦး နှင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အရပ်သား(၇)ဦးကို  စစ်ကောင်စီတပ်က ပစ်သတ်သွား
ဖေဖော်ဝါရီ 8, 2024 | 2021 Military Coup| ကယား

 ရှမ်း - ကရင်နီနယ်စပ် ရှားတောမြို့နယ်အတွင်း ကလေး(၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါ အရပ်သား(၇)ကို စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် တောင်ယာခင်းတစ်ခုအတွင်း စစ်ရှောင်နေကြသည့် အရပ်သားမိသားစု (၃)စုအား စစ်ကောင်စီတပ်က အင်အား (၆၀)ကျော်ဖြင့် ဖမ်းဆီးကာ လမ်းပြစေခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် အရပ်သားကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီး (၃)ဦး၊ ကိုယ်ဝန်အတွင်း သန္ဓေသား လောင်း (၁)ဦးနှင့် အမျိုးသား (၁)ဦး၊ စုစုပေါင်း (၇)ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ နေ့ရက်တစ်ရက်တည်းတွင်ပင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကို ပြုလုပ်ခဲ့ရာ ကျောင်းသားကလေးသူငယ် (၄)ဦးနှင့် စစ်ရှောင် အမျိုးသား (၁) ဦး၊ စုစုပေါင်း (၅) ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေမှုများ အဆုံးသတ်နိုင်ရန် ကမ္ဘာ့ကုသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသူများကို နိုင်ငံတကာ စစ်ခုံရုံးများတွင် စစ်ဆေး အပြစ်ပေးနိုင်ရန်နှင့် နစ်နာခံစားခဲ့ရသော အရပ်သားပြည်သူ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ထိရောက်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးနိုင်ရန် တိုက်တွန်း တောင်းဆိုထားသည်။

မိသားစုဝင်များနှင့် နစ်နာဆုံးရှုံး ထိခိုက်သေကြေခဲ့ရသည့် အပြစ်မဲ့ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားပြည်သူများအတွက်  တရားမျှတမှုကိုဖော်ဆောင်ပြီး စစ်အာဏာရှင်နှင့် အာ ဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးကို အဆုံးစွန်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။