တော်လှန်ရေးအဖွဲ့အစည်းအတွက် မျှော်လင့်ချက်အရှိဆုံးကာလဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့ဆို

တော်လှန်ရေးအဖွဲ့အစည်းအတွက် မျှော်လင့်ချက်အရှိဆုံးကာလဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့ဆို
ဖေဖော်ဝါရီ 5, 2024 | 2021 Military Coup| အခြားဒေသများ

စစ်အာဏာရှင်အား တော်လှန်သည့်ကာလမှာ ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းအတွက် မျှော်လင့်ချက်အရှိဆုံးကာလဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က KIAကို ပေးပို့သည့် သဝဏ်လွှာတွင်ဖော်ပြထားသည်။

(၆၃)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNTJP/MNDAA၊ PSLF/TNLAနှင့် ULA/AAတို့ထံမှ ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

ဗမာလူမျိုးကြီးဝါဒအား ဗမာလူမျိုးများသည်ပင်လျှင် တော်လှန်တိုက်ပွဲဝင်နေကြသည့် အချိန်ကာလသို့ ရောက်ရှိလာကာ ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အား တော်လှန်ကြသည့်ကာလမှာ ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် မျှော်လင့်ချက်အရှိဆုံးသောကာလဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း၌ တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်အပါအဝင် ဗမာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတို့အတွက် စစ်အာဏာရှင်တို့အား တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်နေခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်ဟု ပါရှိသည်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့် အပါအဝင် နိုင်ငံအတွင်းမှ အခြားသောတိုင်းရင်းသားလူမျိုးများစွာတို့သည်လည်း လူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လူမျိုးကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းများကို အသီးသီးဖွဲ့စည်းပြီး စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ဟု ပါရှိသည်။

#TachileikNewsAgency