UMFCCI ကိုဖျက်သိမ်း၊ ဆက်လက်လုပ်ကိုင်နေသူများကို အရေးယူမည်ဟု NUG ကြေညာ

UMFCCI ကိုဖျက်သိမ်း၊ ဆက်လက်လုပ်ကိုင်နေသူများကို အရေးယူမည်ဟု NUG ကြေညာ
ဒီဇင်ဘာ 24, 2023 | 2021 Military Coup

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

UMFCCIသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် အများပြည်သူအကျိုးကို ဦးစားပေးရန် တာဝန်ရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ရိုက်ကျူးလွန်ခြင်းတို့ကြောင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ အသင်းချုပ်၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေတစွန်းတစကိုမျှ ထုတ်နှုတ်သုံးစွဲခြင်းမပြုရန် တားမြစ်လိုက်ပြီး

အမိန့်ထုတ်ပြန်ပြီးနောက် အဆိုပါအဖွဲ့အစည်းတွင် ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ ပူး‌ပေါင်းလုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊ ယင်းအဖွဲ့အစည်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်သော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား အကြမ်းဖက် စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အ‌ရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်နှင့် စစ်ကောင်စီအမည်ခံ အဖွဲ့ဝင်များသည် နိုင်ငံတော်အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ရာမှ နိုင်ငံတော်ပုန်ကန်မှုများကို ကျူးလွန်ခဲ့ကြပြီး ပြည်သူလူထုအား လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရဟတ်ယာဉ်များ အသုံးပြု၍ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းစသည့်  စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency