ကန့်ဘလူတွင် စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် ဘုရားများပျက်စီး

ကန့်ဘလူတွင် စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် ဘုရားများပျက်စီး
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ပင့်သာတိုက်နယ်ရှိ ကျေးရွာ(၆)ရွာအား စစ်ကောင်စီတပ်မှ  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ  ဘုန်းကြီးကျောင်းနှင့် ဘုရားစေတီများ ပျက်စီးခဲ့ပြီး အရပ်သား(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ ဘုရားစေတီနှင့် အပြစ်မဲ့ပြည်သူပိုင် နေအိမ် ၅ လုံးတို့ မီးလောင်ပျက်စီးခဲ့ရကာ ရဟန်းတစ်ပါး အပါအဝင် ပြည်သူ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာတို့မှ နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ၊ စေတီနှင့် ဘုရားစင်းတုများ ပျက်စီးခဲ့ပြီး၊ ဘုန်းကြီးအပါအဝင် အရပ်သား (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ဂျက်ဖိုက်တာနဲ့  ဗုံးနှစ်လုံးချတာ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျတာ‌ဗျ။ ဘုန်းကြီးက ဆွမ်းဘုန်းပေးနေတဲ့ အချိန်ကြီးဆိုတော့ ဘုန်းကြီး၊ ကပ္ပိယ၊ နောက်ရွာသားတစ်ဦးနဲ့ ကျောင်းထဲလာဆော့နေတဲ့ အသက်(၁၁)နှစ်နဲ့ (၁၃)နှစ်ကလေးရောဆိုတော့ စုစုပေါင်း(၅)ယောက်ထိတာ။ တရွာလုံး သွေးပျက်မတတ်ပဲ။ ဘုန်းကြီးကျောင်းတကျောင်းလုံး ပျက်စီးသွားတာ ရစရာကိုမရှိဘူး။ ဆင်းတုတော်တွေနဲ့ စေတီတွေရော အကုန်ပျက်စီးသွားတာ၊ သာသနိကအဆောက်အအုံတွေမှန်းသိသိကြီးနဲ့ ပစ်တာကျတော့ ဗုဒ္ဒဘာသာဝင်တယောက်အနေနဲ့ အတော်လေးစိတ်မကောင်းဖြစ်မိတယ်။" ဟု ဒေသခံတစ်ဦးက ပြောကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကိုးတောင်ဘို့တိုက်နယ်၊ ဇော်ချောင်းရွာမှ ဘုန်းကြီးကျောင်းရှိ ဆွမ်းချက်ဆောင်နှင့် ဇရပ်‌ထိပြီး အသက်(၇၈)နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးနှင့် (၈၁)နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးတို့ ဒဏ်ရာရကြောင်း သိရသည်။

ထို့အပြင် ချပ်သင်းတိုက်နယ် ဇီးကုန်းရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမှာလည်း ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ(တည်ပင်)ရွာ၊ ညောင်ကုန်းရွာတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ မကျီးကုန်းရွာမှ နေအိမ်(၅)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများနှင့် ဘာသာရေးအဆောက်အဦးများအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပင့်သာ၊ ချပ်သင်းနှင့် ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့