ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းကို မြန်မာဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ကာ သိမ်းယူရန်ကြံစည်နေ

ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းကို မြန်မာဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ကာ သိမ်းယူရန်ကြံစည်နေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဝက်မှေးရွာဟောင်းကို မြန်မာဝမ်ပေါင်ကုမ္ပဏီက အင်အားအလုံးအရင်းသုံးပြီး ခြံစည်းရိုးခတ်ကာ သိမ်းယူရန်ကြံစည်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရွာသည် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြသည့် ရွာဖြစ်ပြီး အိမ်(၃၅)အိမ်ဝန်းကျင်ရှိကာ မြန်မာဝမ်ပေါင်ကုမ္ပဏီသည် အင်အား(၃၀၀)ဝန်းကျင်ဖြင့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့က လာရောက်ခြံစည်းရိုးခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။  

“ဝက်မှေးရွာဟောင်းက အခုအချိန်ထိလူနေတာ။ ဟိုးတုန်းကတည်းကပဲ နေတာ။ အခုက အိမ်ခြေက (၃၅)အိမ်ရှိတယ်။ အဲဒီအထဲမှာ မြေလျော်ကြေးယူတဲ့သူကော မယူတဲ့သူကောရှိတယ်။ အခုနေတဲ့သူတွေအများစုက မြေလျော်ကြေးမယူတဲ့သူတွေ။ နေတာကလည်း ဘိုးစဉ်ဘောင်ဆက်နေလာတာလေနော်။ သူတို့ကုမ္ပဏီဆီမှာ မြေကိုကျူးကျော်ထားတာမရှိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ်ကစတင်ကာ အဆိုပါရွာနှင့် ဝမ်ပေါင်ကုမ္ပဏီတို့အကြား မြေယာပြဿနာများ ဖြစ်ပေါ် ခဲ့ပြီးနောက် ရွာအတွင်းရှိ အိမ်ခြေ(၁၀၀)ကျော်အနက်မှ လျော်ကြေးငွေယူကာ ထွက်သွားသူများရှိသဖြင့် လက်ရှိတွင် အိမ်ခြေ(၃၅)အိမ်ဝန်းကျင်သာ ကျန်ရှိနေတော့ခြင်းဖြစ်သည်ဟု သိရသည်။

“တစ်ရွာလုံးကို ရှိရှိသမျှအကုန်ခတ်သွားတာ။ စကြားတုန်းက လမ်းဖောက်ဖို့အတွက် ခြံစည်းရိုးခတ်မယ်လို့ပဲ ကြားထားတာ။ မဟုတ်ဘဲနဲ့ နောက်ပိုင်းကျမှ တဝိုက်ကြီး အကုန်ခတ်သွားတာ။ သံစူးကြိုးတွေနဲ့ ခတ်သွားတာ။ ဒီနေ့တော့ ရွာနားမှာ စစ်သားတွေမမြင်တော့ဘူး။ မနေ့ကကျတော့ လာခတ်တော့ ရွာသူ၊ ရွာသားတွေ အဲဒီအထဲမှာ ပိတ်မိနေတာလေ။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဝမ်ပေါင်ကုမ္ပဏီဟာ ဝက်မှေးရွာပတ်ဝန်းကျင်ကို လုံခြုံရေးအင်အား အလုံးအရင်းဖြင့် ခြံစည်းရိုးခတ်ခဲ့ခြင်းဖြစ်ကာ ဩဂုတ်လ (၆)ရက်နေ့တွင် တစ်ရွာလုံးကို ပိတ်လိုက်ပြီး ဝက်မှေးရွာအတွင်းတွင်လည်း  စစ်ကောင်စီတပ်သားများက နေရာယူခဲ့သေးသည်ဟု ဆိုသည်။ 

“ကျုပ်တို့ရွာ ကျုပ်တို့နေတာ ကုမ္ပဏီပိုင်မြေကို ကျူးကျော်တာမဟုတ်ဘူး။ ဝမ်ပေါင်ကုမ္ပဏီက ဥပဒေ တော်တော်ချိုးဖောက်နေတယ်။ အကုန်ခတ်သွားလို့ ဘယ်မှဝင်၊ ထွက်လို့မရတော့ဘူး။ ပထမတော့ အင်အားပြတာပေါ့။ နှလုံးရောဂါရှိတဲ့သူဆိုသေအောင်။ ဘယ်သူလာလာ ရင်ဆိုင်ဖို့တော့ အဆင်သင့်ပဲ။ အလုံးအရင်းနဲ့လာတယ် ဘူဒိုဇာတွေ၊ လက်နက်တွေနဲ့ ဘူဒိုဇာတွေနဲ့ ထိုးသွားတယ်။ ခြောက်လှန့်တာပေါ့။ အခုတော့ ခြံခတ်ပြီး ပစ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ထပ်ပြောသည်။



အဆိုပါဖြစ်စဉ်ကြောင့် ဝက်မှေးရွာဟောင်းကို စစ်ကောင်စီတပ်က အင်အားသုံး၍ ခြံစည်းရိုးခတ်နေခြင်းအား ရပ်တန့်ရန်၊ ယင်းသို့ ခြံစည်းရိုးခတ်နေခြင်းကို ရပ်တန်းကမရပ်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို စစ်ကောင်စီနှင့်အတူ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် ခြံစည်းရိုးခတ်ခြင်းတွင် ပါဝင်သူများ၏ အမည်စာရင်းအား ရရှိထားသောကြောင့် ဆက်လက်အရေး ယူသွားမည်ဖြစ်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency