အင်အားလျော့နည်းနေသည့် စစ်ကောင်စီက ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းအတွက် အတင်းအဓမ္မခေါ်ယူထားသည့် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်

အင်အားလျော့နည်းနေသည့် စစ်ကောင်စီက ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းအတွက် အတင်းအဓမ္မခေါ်ယူထားသည့် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းအတွက် အတင်းအဓမ္မခြိမ်းခြောက်ပြီး အင်အား တိုးချဲ့ဖွဲ့စည်းထားသည့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ခြင်းအဖြစ် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့က တောင်ငူလေတပ်စခန်း ဌာနချုပ် အားကစားခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းအတွက်  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့ဖွဲ့စည်းရာတွင် အသက်(၁၈)နှစ်မှ အသက်(၆၀)နှစ်အောက် အမျိုးသားများကို ရပ်ရွာအေးချမ်းရေးအတွက်ဟုဆိုကာ ခေါ်ယူသလို ရပ်ကွက်နှင့်ကျေးရွာများအတွက် မဲနိုက်စနစ်ဖြင့်လည်း ခေါ်ယူပြီး ပြည်သူ့စစ်ထဲ မဝင်လိုသူများက ငွေကြေး အနည်းဆုံး ကျပ်သိန်း(၂၀)ပေးရသည်ဟု သိရသည်။

"မဲပေါက်တဲ့လူတွေအနေနဲ့ ပြည်သူ့စစ်ထဲ မဝင်ချင်ရင် တချို့ကျေးရွာတွေမှာ ကျပ်(၂၅)သိန်းအထိ ပေးရတယ်ကြားတယ်။ ကျွန်တော်တို့ ရွာဘက်တော့ ကျပ်သိန်း(၂၀)တောင်းတယ်။ ပြည်သူ့စစ်ထဲကလည်း မဝင်ချင် သူတို့ တောင်းတဲ့ ငွေကြေးကလည်းမရှိတော့  ခရီးသွားစရာရှိလို့ဆိုပြီး ခရီးအထွက်ပြသွားကြတဲ့ လူတွေလည်းရှိတယ်။ စစ်တပ်က သူတို့အင်အားလျော့နည်းလာလို့ ပြည်သူတွေကို ပြန်စည်းရုံးပြီး အသေခံခိုင်းချင်တဲ့ သဘောဖြစ်နေတာပေါ့ဗျာ။ စစ်သက်ကြာတဲ့ သူတွေတောင် သေကြ ပြေးကြနဲ့ ဘာအတွေ့အကြုံမှ မရှိဘဲ ခဏတာ သင်တန်းပေးထားတဲ့သူတွေကို အခုလို လုပ်ထားတာက တကယ်က အသေခံခိုင်းဖို့က လွဲရင် ဘာရှိမလဲ မဟုတ်လား။ တချို့လည်း အတင်းအဓမ္မ ခေါ်ခံထားရတော့ မငြင်းသာဘဲ ဝင်လိုက်ကြရပေမဲ့ တကယ့်တိုက်ပွဲနဲ့ ကြုံလာရင် လက်နက်ယူပြီး တဘက်ကို ပြေးမယ်လို့ ပြောထားကြတာတွေလည်းရှိတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပြောသည်။

 

အတင်း အဓမ္မ ခြိမ်းခြောက်ကာ ပြည်သူ့စစ်အဖြစ် သိမ်းသွင်းခံထားရသူများကို လက်နက်တပ်ဆင်ခြင်းအဖြစ်  ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စစ်ဆင်ရေးပြုလုပ်နေသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် ကိုယ်တိုင် အပါအဝင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အဖွဲ့တို့က လက်နက်နှင့်စစ်သုံးပစ္စည်းများ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ တိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်(ဌာန)အဖွဲ့ဝင်များအဖြစ် နည်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းကာ သင်တန်းများပေးပြီး လက်နက်များတပ်ဆင်ပေနေသလို အချို့ဒေသများတွင်လည်း ဘာသာရေးကို အသုံးချပြီး စည်းရုံးသိမ်းသွင်းမှုများ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency