တာလေမြို့တွင် သက်ဆိုင်ရာက ငွေကြေးရယူပြီး ဖွင့်လှစ်ခွင့်ပြုထားသည့် လောင်းကစားဂိမ်းခုံများတွင် မူးယစ်ဆေးဝါးများပါ အလွယ်တကူ ရရှိနေ

တာလေမြို့တွင် သက်ဆိုင်ရာက ငွေကြေးရယူပြီး ဖွင့်လှစ်ခွင့်ပြုထားသည့် လောင်းကစားဂိမ်းခုံများတွင် မူးယစ်ဆေးဝါးများပါ အလွယ်တကူ ရရှိနေ
ဖေဖော်ဝါရီ 2, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် လောင်းကစားဂိမ်းခုံများနှင့် လောင်းကစားလုပ်ငန်းနေရာ ပိုမိုများပြားလာသည့်အပြင် မူးယစ်ဆေးဝါးများပါ ရရှိနေသည့်အတွက် လူငယ်များ မူးယစ်ဆေးဝါး စွဲသည်အထိ ဖြစ်ပွားနေကြကြောင်း သိရသည်။

တာလေမြို့အပိုင်ထဲဖြစ်သည့် စခန်းသာတွင် လောင်းကစားဂိမ်းခုံဖွင့်လှစ်ထားသလို မူးယစ်ဆေးဝါးမျိုးစုံကိုလည်း ရရှိနေပြီး ဝမ်ကန်နား ရှိ လောင်းကစားဂိမ်းခုံတွင်လည်း မူးယစ်ဆေးဝါးရရှိနေသည်ဟု သိရသည်။

"အရင်တုန်းက တာလေမှာ လောင်းကစားဂိမ်းခုံတွေ လောင်းကစားတွေဆိုတာက အတော်ရှားတယ်။ အခုတော့ အတော်လေးများလာပြီ။ မူးယစ်ဆေးဝါးတွေလည်း အလွယ်လေးရတော့ လူငယ်တွေ အတော်လေး ပျက်ဆီးသွားတယ်။ ရွာထဲက ကလေးတစ်ယောက်ဆိုရင် ဂိမ်းခုံကနေ ဆေးစွဲသွားတာ နောက်ဆုံး မိုင်းကိုးဆေးဖြတ်စခန်းကို ပို့ရတဲ့အထိပဲ။"ဟု နားယောင်းကျေးရွာအုပ်စုအတွင်းနေထိုင်သူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြောသည်။

လောင်းကစားဂိမ်းခုံများနှင့် ပတ်သက်၍ တာလေမြို့အပိုင်ထဲတွင် ရန်ကင်း(၂)၊ နောင်မွန်း နှင့် ဗေသလ အပါအဝင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု (၃)စုအတွင်း၌ လောင်းကစားဂိမ်းခုံ နေရာပေါင်း (၁၀)နေရာအထက်ရှိပြီး မူးယစ်ဆေးဝါးများ ရောင်းချပေးနေသည်မှာလည်း များပြားသည်ဟု သိရသည်။

"အိမ်ဘေးနားက ကောင်လေးတစ်ယောက်လည်း ပထမကတော့ ဂိမ်းခုံသွားတာ ရိုးရိုးပဲ။ နောက်ဆုံးတော့ မူမမှန်လာတော့ဘူး။ စိတ်ကြွဆေးတွေကနေ ရေခဲတွေအထိ လုပ်လာတယ်။ အလွန်အကျွံထိ ဖြစ်လာတာပေါ့။ အခုက မူးယစ်ဆေးဝါးတွေက ဈေးတွေလည်း ပေါလာတော့ အလွယ်ရ အလွယ်သုံးလာကြတဲ့ သဘောဖြစ်နေတယ်။ ဆေးများပြီး တားမရ ဆီးမရတဲ့အခါ မိုင်းကိုးဆေးဖြတ်စခန်းကို မဖြစ်မနေ ပို့ကြရရော။ အဲ့အခါ ဆေးဖြတ်စခန်းကို ပို့ရတာလည်း ငွေအတော်ကုန်တယ်။ ဘာမှ မလွယ်တော့ဘူး"ဟု ဒေသခံ တစ်ဦးက ပြောသည်။

 ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ တာလေမြို့ရှိ ကျေးရွာအုပ်စု(၃)စု နှင့် ရပ်ကွက်ပေါင်း (၄)ခုတို့၏ စုစုပေါင်း လူဦးရေမှာ (၂၀,၀၀၀)ဝန်းကျင်ရှိရာတွင် နားယောင်းကျေးရွာအုပ်စုနှင့် မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုတို့မှာ လူဦးရေအများဆုံး ဖြစ်သည်။

"တာလေမြို့က မြို့သေးသေးလေးလည်းဖြစ်တော့ တခုခုဆိုလည်း မသိသလို နေကြတာများတယ်။ တခုခုဖြစ်ရင်လည်း အထက်ကို မတင်ပြကြတော့တာလည်းရှိတယ်။ အခုနောက်ပိုင်းတော့ အေးချမ်းတဲ့ တာလေမြို့လေးမှာ လောင်းကစားဂိမ်းခုံတွေ တစတစ များလာတယ်။ ဒီလို လုပ်ငန်းတွေဆိုတာကလည်း သက်ဆိုင်ရာတွေက ခွင့်မပြုရင် မဖွင့်ရဲကြပါဘူး။"ဟု မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။