ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်တို့ရှိ ပျူစောထီးစခန်းများနှင့် ပခုက္ကူနှင့် ရေစကြိုမြို့နယ်လမ်းရှိ စစ်ဆေးဂိတ်များကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီးစခန်း နှစ်ခုသိမ်းပိုက်ရရှိပြီး ၇ ဦး အရှင်ဖမ်းမိ

ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်တို့ရှိ ပျူစောထီးစခန်းများနှင့် ပခုက္ကူနှင့် ရေစကြိုမြို့နယ်လမ်းရှိ စစ်ဆေးဂိတ်များကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီးစခန်း နှစ်ခုသိမ်းပိုက်ရရှိပြီး ၇ ဦး အရှင်ဖမ်းမိ
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်တို့ရှိ ပျူစောထီးစခန်းများနှင့် ပခုက္ကူနှင့် ရေစကြိုမြို့နယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ် စစ်ရေးဂိတ်များကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့မှ နိုဝင်ဘာလ (၂၅)ရက်နေ့အတွင်း ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်း (၂)ခုကို သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ထံမှ သိရသည်။

နိုဝင်ဘာလ(၂၅)ရက်နေ့က ရွှေဘိုမြို့နယ်တွင် အရပ်သားများ (၂)နှစ်ကျော် နေရပ်စွန့်ခွာနေရပြီး ကျေးရွာများအတွင်း တပ်စွဲထားသည့် ညောင်ကိုင်း၊ ဇီးဖြူကုန်း၊ တည်သီးတော၊ သီးကုန်းကျေးရွာတို့ရှိ ပျူစောထီးစခန်း (၄)ခုကို  BNRA၊ PDF တပ်ရင်း၊ ပကဖ၊ ပလဖ၊ LPDFတပ်များစုပေါင်း၍ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

 

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး နမခမှ Mi-35 ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ပေါက်ချိုင်ကျေးရွာမှ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များသည် ဇီးဖြူကုန်းနှင့် တည်သီးတောကျေးရွာတို့ရှိ ပျူစောထီးစခန်းများအား တိုက်ခိုက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူများကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်(၅)ဦး ဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို BNRA၏ ရတနာသိင်္ဃစစ်ကြောင်း၊ ဝိမောက္ခစစ်ကြောင်း၊ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့၊ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ရွှေဘိုမြို့နယ် ပကဖ၊ ပလဖ၊ ဗိုလ်ကျားရိုင်း ဒေသခံပြောက်ကျားတပ်ဖွဲ့နှင့် အားမာန် UGအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ရေဦးမြို့နယ်၊ အောင်သာယာရွာရှိ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦး၊ ပျူစောထီး (၅)ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်းဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ပျူစောထီးစခန်းအား တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ နောက်ဆုံးအထိုင်ချထားသည့် စာသင်ကျောင်းကိုသိမ်းပိုက်စဥ် ရေဦးမှ စစ်ကူရောက်ရှိလာခြင်း၊ နမခမှ လေကြောင်းပစ်ကူလာရောက်ခြင်း‌တို့ကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း 96 soldiers တပ်ဖွဲ့မှ ရဲဘော်(၂)ဦး၊ PLAမှ ရဲဘော်တစ်ဦး ဝမ်းဗိုက်နှင့် ပေါင်ရှပ်ထိ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို BNRA၊ PLA၊ 96 Soldiers PDF(အညာတပ်ခွဲ)၊ စိန်ဗေဒါ KBU(ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF၊ ဝံသပါလ LPDF၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA)၊ GZ LPDF တော်လှန်ရေးအင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ပခုက္ကူနှင့် ရေစကြိုမြို့နယ်သို့ ဆက်သွယ်ရေးလမ်း၊ ပန်းတိုင်းခြုံကျေးရွာ၌ရှိသော စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး စစ်ဆေးရေးဂိတ်ရှိ ဘန်ကာအထိုင် (၄)ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း အင်အား(၂၇)ဦးရှိသည့် ပန်းတိုင်းခြုံစစ်ကောင်စီဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြီး စခန်းစွန့်ထွက်ပြေးသွားသူများရှိခဲ့ကြောင်း သိရသည်။ 

ပန်းတိုင်းခြုံစစ်ကောင်စီဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုတွင် BNRAစစ်ကြောင်းမှ ရဲဘော်တစ်ဦး မျက်နှာကျည် ရှပ်ထိဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို BNRA(ဗမာအမျိုးသားတော်လှန်ရေးတပ်တော်)၊ Southern YSO PDF နှင့် Yesagyo Revolution Group (YRG) မဟာမိတ်အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency