လက်နက်ချခြင်းကြောင့် အသက်ချမ်းသာသွားသည့် စစ်ကောင်စီ တပ်သား ၆၀၀၀ ကျော်ရှိ၊ ညီနောင် ၃ဖွဲ့တိုက်ခိုက်မည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွေးပျက်ကြောက်လန့်နေ

လက်နက်ချခြင်းကြောင့် အသက်ချမ်းသာသွားသည့် စစ်ကောင်စီ တပ်သား ၆၀၀၀ ကျော်ရှိ၊ ညီနောင် ၃ဖွဲ့တိုက်ခိုက်မည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွေးပျက်ကြောက်လန့်နေ
ဇန်နဝါရီ 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ စစ်ဆင်ရေး (၃)လတာကာလအတွင်း အလံဖြူထောင်ခြင်း၊ လက်နက်ချခြင်း‌ကြောင့် အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀၀၀)ကျော်ရှိကြောင်း ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့ ညပိုင်းတွင်း မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မည့် တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလံဖြူထောင်ခြင်း၊ လက်နက်ချ အညံ့ခံခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အသက်ချမ်းသာရာရသွားကြကာ ရဲဘော်၊ မိသားစုများ၏ အသက်ကိုငဲ့ညှာ၍ အသက်ချမ်းသာရာ ရသွားကြခြင်းဖြစ်သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးကြီးအတွင်း စစ်ကောင်စီတပ်အား မဟာဗျူဟာမြောက် အလစ်အငိုက် အနိုင်ယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို တုန်လှုပ်ခြောက်ချားမှုဖြစ်စေခဲ့ကာ ညီနောင်(၃)ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီဆိုပါက အသက်သေဆုံးရန်နှင့် စခန်းဆုံးရှုံးရန်မှာ ရာနှုန်းပြည့် သေချာသွားပြီဆိုသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းမှ သိရှိနားလည် လက်ခံသွားကြပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ သွေးပျက်နေသည့်မြင်ကွင်းများမှာ မြန်မာနိုင်ငံအနှံ့ နေ့တိုင်းမြင်တွေ့နေရသည်မှာ သက်ဆိုးရှည် ဖက်ဆစ်စစ်အာဏာရှင်တို့၏ နောက်ဆုံးနေ့ရက်များဆီသို့ သွားရာလမ်းခရီး၏ အကြိုနေ့ရက်များပင်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency