ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂၀ ကျော်ကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ သိမ်းပိုက်၊ မော်ချီးမြို့မှ စစ်ကောင်စီသားများအားလုံးထွက်ပြေး

ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂၀ ကျော်ကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ သိမ်းပိုက်၊ မော်ချီးမြို့မှ စစ်ကောင်စီသားများအားလုံးထွက်ပြေး
ဇန်နဝါရီ 28, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း (၂၀)ကျော်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး မော်ချီးမြို့မှ စစ်ကောင်စီတပ်များ ထွက်ပြေးသွားသဖြင့် မြို့ကိုထိန်းချုပ်ထားပြီဖြစ်ကြောင်း KNDF ဗဟိုထံမှ သိရသည်။

လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း (၂၀)အား ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ၊ လွိုင်ကော်အခြေစိုက် ဒကစအား ဝိုင်းရံတိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇)၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ ကုန်းဆုံ ကာကင်းကုန်းစခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့် ဘောလခဲမြို့အကြားရှိ (၁၂)မိုင်ကုန်း စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်၍ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲနေသော  စစ်ကောင်စီတပ်သားများကို ရှင်းလင်းတိုက်ခိုက်‌နေသည်ဟု သိရသည်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်များအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊ စခန်းများအားလုံးကို စွန့်ပစ်ဆုတ်ခွာထွက်ပြေးသွားကြသည်သည်ဟု သိရသည်။

ထို့ကြောင့် မော်ချီးဒေသတစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီး လွိုင်ကော်မြို့တွင်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အားဝိုင်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများ လုပ်ဆောင်နေရာ မြို့ဧရိယာ သုံးပုံနှစ်ပုံကျော်အား စိုးမိုးထားနိုင်ပြီဟု ဆိုသည်။

လွိုင်ကော်မြို့နယ် အခြေစိုက်တပ်ရင်းများတွင် စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထားနိုင်သော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး လေကြောင်းကိုသာ အားကိုးအားထားပြုရသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်များ တပ်ရင်းအတွင်း၌သာ ခိုအောင်းတပ်စွဲနိုင်တော့သည့် အခြေအနေဖြစ်သည်ဟု သိရသည်။

၂၀၂၃ခုနှစ်အကုန်တွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည်ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်နေသည်။

#TachileikNewsAgency