ရေစကြိုမြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်မှူထမ်းဟောင်း နှင့် ပျူစောထီးတို့ကို ပစ်ခတ်တိုက်ခိုက်၊ (၁)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရေစကြိုမြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်မှူထမ်းဟောင်း နှင့် ပျူစောထီးတို့ကို ပစ်ခတ်တိုက်ခိုက်၊ (၁)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းစောင့်နေသည့် စစ်မှုထမ်းဟောင်း(၁)ဦး နှင့်  ပျူစောထီး (၂)ဦး ပစ်ခတ်ခံရပြီး (၁)ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ရေစကြိုမြို့နယ် ခလရ (၂၅၆)တပ်ရင်း အနီးတွင် ကင်းချထားသည့် စစ်မှုထမ်းဟောင်း ကျောက်ခဲဆိုသူ နှင့် ပျူစောထီး ( ၂ )ဦးကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များမှ ဝင်ရောက်​​​ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပစ်ခတ်မှုအတွင်း စစ်မှုထမ်းဟောင်း ကျောက်ခဲဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျူစောထီး ( ၂ )ဦး ထွက်ပြေးသွားကာ ၎င်းထံမှ ကာဘိုင်တစ်လက်နှင့် ကျည်ဘောက်နှစ်ခု ၎င်းကျည်(၁၀၁)တောင့်၊ Short Gun တစ်လက်နှင့် ၎င်းကျည် (၁၄)တောင် ကပ်သီးတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာလောက်သာရရှိခဲ့ပြီး အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ဆိုသည်။

မတ်လ (၁၇) ရက်နေ့ကလည်း  ခလရ (၂၅၆)တပ်ရင်းနှင့် ခလရ (၂၅၈)တပ်ရင်းတို့အား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် မဟာမိတ်များပူးပေါင်းပြီး ဝေဟင်မှ ပြင်းအားမြင့် ဗုံးသီး(၈)လုံးဖြင့်  တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုတပ်သား ( ၂ )ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားသည်။