KNU တောင်ငူခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး

KNU တောင်ငူခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး
ဇန်နဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားသားအစည်းအရုံး(KNU) တောင်ငူခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း(၃)ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း KNU ဗဟိုထံမှ သိရသည်။

စစ်ကောင်စီတပ် စကခ (၂၀)လက်အောက်ရှိ ခမရ(၅၂၈)နှင့် ခမရ(၅၉၃)တပ်များ၏ ထီးတော်ပယ်(ထင်းရှူးတောင်) စခန်းသည် ၂၀၂၄ ခုနှစ် ဇန်ဝါရီလ (၁၃)ရက်နေ့တွင်လည်းကောင်း၊ ဘူဆာခီးစခန်းသည် (၁၄)ရက်နေ့နှင့် သီးမူပေါ်စိုးစခန်းသည် (၁၅)ရက်နေ့တို့တွင် စခန်းမှ စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O)တပ်ရင်း(၄)နှင့် တပ်မဟာအထူးတပ်ဖွဲ့တို့မှ သွားရောက်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

ဘူဆာခီးစခန်းနှင့် ထီးကော်ပယ်စခန်းတို့သည် ကော်သူးလေအတွင်းသို့ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် ကျူးကျော်တပ်စွဲခဲ့ကြပြီး ယခုအချိန်တွင် စခန်းများကို စွန့်ခွာကာ ခလယ်လာရွာ(ဘောဂလိကြီး)ရွာဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီဟု ဆိုသည်။

“ရိက္ခာဖြတ်တောက်ခံရလို့ ပြန်ဆင်းတာက တကြောင်းပေါ့  “၁၀၂၇” “၁၁၁၁” စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများ ပိုမိုဖော်ဆောင်လာနိုင်တဲ့အတွက် မြို့တွင်းနောက်တန်းစခန်းများမှာ အင်းအားပြန်လည် စည်းရုံးတာလည်း ပါနိုင်တယ်ဟု”တောအူးခရိုင် ပြောရေးဆိုခွင့်ရှိသူကပြောကြောင်း ထုတ်ပြန်ထားသည်။

ထီးထော်ပယ်စခန်းသည် တပ်မဟာ(၂)နှင့် တပ်မဟာ (၅) နယ်စပ် တပ်မဟာ (၂)နယ်မြေတွင်တည်ရှိပြီး လအတန်အကြာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တို့၏ ရိက္ခာဖြတ်တောက်ထားခြင်းခံခဲ့ရသော တပ်စခန်းများဖြစ်သည်ဟု သိရသည်။

ဘူဆာခီးစခန်းသည် စစ်ကောင်စီတပ်မှ ဗျူဟာမှူးနေသော နဗဟ(၂)စခန်း ဖြစ်ပြီး ၂၀၂၃ခုနှစ် မေလတွင် ဘူဆာခီးစခန်းသို့ မြေပြင်လမ်းကြောင်းမှ ရိက္ခာပို့ဆောင်ရန်လာသည့် စစ်ကောင်စီတပ်များအား တပ်မဟာ(၂)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဗညားအောင် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ပြီး မြေပြင်လမ်းကြောင်းမှ ရိက္ခာပို့ဆောင်၍ မရသောကြောင့် လေကြောင်းဖြင့်သာ ရိက္ခာပို့နေရသော စခန်းဖြစ်သည်။

လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်များမှ ကျေးရွာတွင်းသို့ ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ပြည်သူ(၁၇)ဦးကို ဇန်နဝါရီလ(၂၀)ရက်နေ့က ဖမ်းဆီးထားပြီး ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျေးရွာတွင်းသို့ လက်နက်ကြီး အလုံး(၃၀) ပစ်ခတ်ခဲ့သောကြောင့် နေအိမ်(၁၆)လုံးခန့် မီးလောင်ပျက် စီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူ (၁၇)ဦးအနက် သားအမိ(၂)ဦးမှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ဦးမြင့်အောင်၊ ဦးတင်စိုး၊ ဦးကိုဖြိုး၊ ဦးထွန်းကြည်၊ ဒေါ်စန်းတင်၊ ဒေါ်ရွှေအိ၊ ဒေါ်ခင်ဌေး၊ ဒေါ်သန်းဦး၊ မအေးသိန်းဦး၊ မထားထားနွယ်၊ ဒေါ်ပေါရီ၊ မမြစံပယ်၊ မနှင်းသက်ခိုင်၊ ဦးအောင်ဝင်းနှင့် ကိုချစ်ပြည့်စုံတို့ဖြစ်ပြီး ပျောက်ဆုံးသွားသူ သားအမိ (၂)ဦးမှာ ဒေါ်သင်းသင်းနှင့် သားမောင်စန်းလင်းတို့ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Karen National Union