ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ဆန်ဈေးမြင့်တက်ကာ အရန် ဆန်အိတ်(၅၀,၀၀၀)ထုတ်ရောင်းရ

ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ဆန်ဈေးမြင့်တက်ကာ အရန် ဆန်အိတ်(၅၀,၀၀၀)ထုတ်ရောင်းရ

 ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်ဟုဆိုကာ အရန်ဆန်အိတ်(၅၀,၀၀၀)ကို ထုတ်ရောင်းချမည်ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်အသင်းက ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသော အစီအစဉ် ဖြင့် စီစဉ်ထားသော အရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမည် ဟု ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဈေးသည် တဖြည်းဖြည်းတက်လာရာက အာဏာသိမ်းစစ်ကောင်စီက ထုတ်ဝေမည်ဟု ကြေညာထားသည့် ငွေကျပ်နှစ်သောင်းတန်ဂယက်ကြောင့် ပြည်တွင်းဆန်ဈေး ကွက်မှာ ဈေးနှုန်းပိုမိုမြင့်တက်လာခဲ့ပြီး စားသုံးသူ လက်ထဲအရောက် ဆန်ချောတစ်အိတ်လျှင် ကျပ်(၁၅,၀၀၀၀)ကျော်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်(၉၀,၀၀၀)ကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 



ကနဦးအနေဖြင့် (၂၅ ရာခိုင်နှုန်းအဆင့် Single Polished & Sorted) ၅၀ ကီလိုအိတ်၊ အိတ်ရေ (၅၀,၀၀၀)ကို ဦးစွာထုတ်ရောင်းချသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည် ဖြစ်သည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့လကတော့ ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ်(၈၀,၀၀၀)နီးပါးပေးရတယ်။ အခု(၉၀,၀၀၀)ကျော်တယ်။ အခုစားတာ ဆန်ချောဆိုပေမယ့် အကောင်းစားကြီး မဟုတ်ဘူး။ ဆန်ချောလို့ခေါ်တဲ့အဆင့်တောင် တစ်သိန်းကျော်နေပြီ။”ဟု ရန်ကုန်မြို့မှ စားသုံးသူပြည်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် လည်းကောင်း၊ စားသုံးသူပြည်သူများအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်စေရေးအတွက် လိုအပ်သည်များကို ပုဂ္ဂလိကအခန်းကဏ္ဍမှနေ၍ စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် သိုလှောင်ရုံ မှတ်ပုံတင်မှု၊ စစ်ဆေးမှုများကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျတွက်ချက် ရောင်းချနေသည်ဟုလည်း ဆိုသည်။

လက်တလောပြည်တွင်းဆန်ဖူလုံမှု၊ လုံလောက်မှုအပြည့်အဝရှိနေသည့် အတွက်လည်းကောင်း၊ လျှပ်စစ်ပိုမိုရရှိ၍ ဆန်စက်များလည်ပတ်ချိန်ပိုများလာသည့်အတွက် လည်းကောင်း၊ ပဲခူးတိုင်းအနောက်ပိုင်း နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန် စပါးပေါ်ထွက်နေဆဲဖြစ်၍ ဆန်ဈေး၊ စပါးဈေးတည် ငြိမ်ရမည်ဟု ဆိုသည်။

သတင်းမှားများ၊ ကောလဟာလများကြောင့် စားသုံးသူများစိုးရိမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်းခြင်း၊ စိုးရိမ်ပူပန်းခြင်းများ မဖြစ်စေရန်နှင့် လိုအပ်မှုရှိမှသာ ဝယ်ယူရန်မေတ္တာရပ်ခံထားသေးသည်။