မုံရွာမြို့နယ် အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ကလေးသုံးဦး စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ

မုံရွာမြို့နယ် အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ကလေးသုံးဦး စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ကလေး(၃)ဦးကို ဇူလိုင်လ ပထမအပတ်က စစ်ကြောရေးသို့ ပြန်လည်ခေါ်ထုတ်သွားပြီးနောက် ရဲစခန်းသို့ ယနေ့အထိ ပြန်မရောက်သေးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

စစ်ကြောရေးကို ပြန်လည်ခေါ်ထုတ်ခံရသူများမှာ မောင်ဥက္ကာကျော် အသက်(၁၈)နှစ်၊ မောင်သီဟ အသက်(၁၇)နှစ်နှင့် မောင်ခန့်စည်သူကျော် အသက်(၁၇)နှစ်တို့ဖြစ်ပြီး ၎င်းတို့(၃)ဦးကို ရဲစခန်းမှ စစ်ကြောရေးသို့ ဇူလိုင်လ ပထမအပတ်ကစကာ ပြန်လည်ခေါ်ထုတ်သွားပြီး ယနေ့အထိ မိသားစုနှင့် အဆက် အသွယ်မရရှိသေးဘဲ ရဲစခန်းကိုလည်း ပြန်မရောက်သေးကြောင်း သိရသည်။ 

အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကို နယ်ထိန်းခန်းထဲသို့ခေါ်ထုတ်ပြီး လက်ထိပ်ခတ်၍ ပုံစံအမျိုးမျိူးဖြင့် ရိုက်နှက်နှိပ်စက်မှုများကို ပြုလုပ်နေသည်ဟုလည်း သိရသည်။

အဆိုပါ နိုင်ထက်စီးနင်း နှိပ်စက်ညှဥ်းပန်းမှုများနှင့်ပတ်သက်၍ အချုပ်သားများက စခန်းမှူးအပါအဝင် တာဝန်ရှိသူများထံ တင်ပြသော်လည်း အရေးယူဟန့်တားမှုမရှိဘဲ နေ့စဉ်အချုပ်သားများအား ရိုက်နှက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ၂၀၂၃ခုနှစ် ဩဂုတ်လ(၄)ရက်နေ့တွင် ဖော်ပြထားသည်။

#TachileikNewsAgency