ခေတ်အဆက်ဆက် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ချိုးဖေါက်မှုများအတွက် NUCC က တိုင်းရင်းသားပြည်သူများကို တောင်းပန်

ခေတ်အဆက်ဆက် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ချိုးဖေါက်မှုများအတွက် NUCC က တိုင်းရင်းသားပြည်သူများကို တောင်းပန်
ဖေဖော်ဝါရီ 12, 2022 | အခြားဒေသများ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုင်းရင်းသားပြည်သူများအပေါ် တောင်းပန်ကြောင်း ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်တွင်ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် (၇၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်လိုက်သည်။

အစိုးရအဆက်ဆက် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များချိုး ဖောက်ကာ သမိုင်းတလျှောက် ရက်ရက်စက်စက် ဖိနှိပ်အနိုင်ကျင့် မှုများ၊ ခွဲခြားဆက်ဆံမှုများအတွက် NUCC က တိုင်းရင်းသားပြည်သူများအပေါ် တောင်းပန်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၊ အစိုးရများက ပြည်သူလူထုအပေါ် ခွဲခြားဖိနှိပ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ နစ်နာသူများအား အမျိုးသား ညီညွတ်ရေးအစိုးက(NUG)က ယနေ့ ပြည်သူ့အစိုးရတစ်ရပ်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တောင်းပန်၍ လုပ်ဆောင်သင့်သည့် ကိစ္စရပ်များကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားရန်လည်း NUCC က တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေး NUG က ကျင်းပသည့်  ၇၅ နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားတွင်တက်ရောက်လာသည့်  KIA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က အခုအချိန်မှာ လူမျိုးပျောက်ကွယ်သွားရန် နည်းလမ်းပေါင်းစုံနှင့် အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်ခြင်းကိုခံခဲ့ရသည့် လူနည်းစုတိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံရှိပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကိုက်ဖြစ်နေပြီဟု တိုက်တွန်းပြောကြားထားသည်။

မြန်မာအစိုးရ အဆက်ဆက်က ပင်လုံစာချုပ်ကို ပစ်ပယ်ထားခဲ့သော်လည်း တောင်တန်းဒေသနဲ့ တိုင်းရင်းသားများက ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို ကနေ့ မျက်မှောက်ကာလအထိ တန်ဖိုးထား စွဲကိုင်ထားဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောကြားခဲ့သည်။