တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားမည့် ထိုင်းမူးယစ်တရားခံပြေး အမျိုးသမီးကို ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ထိုင်းဘက်က  ဖမ်းမိ

တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားမည့် ထိုင်းမူးယစ်တရားခံပြေး အမျိုးသမီးကို ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ထိုင်းဘက်က  ဖမ်းမိ
ဇန်နဝါရီ 21, 2024 | ရှမ်းရှေ့

 ထိုင်းနိုင်ငံဘက်မှ မူးယစ်မှုဖြင့် အလိုရှိသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဘက်သို့  နယ်စပ်တံတားကနေသွားရန် ကြိုးစားနေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသမီးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ နေ့လယ်ပိုင်းတွင် မယ်ဆိုင်နယ်စပ်ဂိတ်၌ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင် - တာချီလိတ် နယ်စပ်တံတား(၁)မှ ဖြတ်ရန် ကြိုးစားစဉ် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အဆိုပါ အမျိုးသမီးအား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမှာ ထိုင်းနိုင်ငံ ရာဇဝတ်မှုတရားရုံးက စိတ်ကြွရူးသွပ်ဆေးပြား (၃) သိန်း ဖမ်းဆီးရရှိမှုနှင့်ဆက်စပ်၍  ကွင်းဆက်တရားခံအဖြစ်  ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ် တာချီလိတ်ဘက်တွင် ထိုင်းနိုင်ငံဘက်မှ မူးယစ်အမှု အပါအဝင် ပြစ်မှုတရားခံများ လာရောက်တိမ်းရှောင်လေ့ရှိပြီး မြန်မာဘက် စစ်တပ်၊ ရဲ နှင့် ပြည်သူ့စစ်များက  ငွေကြေးရယူကာ အကာအကွယ်ပေးထားလေ့ရှိပြီး ထိုင်းဘက်က တောင်းဆိုလာမှသာ မဖြစ်မနေ ရံဖန်ရံခါ ဖမ်းဆီးပေးမှုများ ရှိတတ်သည်။

 

Source: Maesai Press