မိုင်းလင်းဆရာတော်ဘုရားကြီး Covid-19 ကူးစက်ခံထားရ၍ ကျိုင်းတုံတွင် ဆေးကုသမှု ခံယူ

 မိုင်းလင်းဆရာတော်ဘုရားကြီး Covid-19 ကူးစက်ခံထားရ၍ ကျိုင်းတုံတွင် ဆေးကုသမှု ခံယူ
သြဂုတ် 25, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့နယ် မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလသည်  Covid-19 ကူးစက်ခံထားရ၍ အောက်ဆီဂျင်ပေးထားရပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

"ပြီးခဲ့တဲ့ (၃)ရက်က စစ်တာ ကိုဗစ် မတွေ့ဘူး။ ဆရာတော်ဘုရားကြီးက စွန်ဟိန်းဂူကနေ ဘယ်မှ မကြွဘူး။ ဒါပေမဲ့ တာချီလိတ်ဘက်က လူတွေ အသွား အလာတော့ရှိတယ်။ ဆရာတော်ဘုရားကြီးက ချောင်းတွေတအားဆိုးပြီး ချောင်းဆိုးလည်း အရမ်းဆိုးတဲ့အပြင်  အောက်ဆီဂျင်လည်း ကျနေတယ်။ ဆရာတော်ဘုရားကြီးနားမှာ အနီးကပ်နေတဲ့ ကိုရင်ကြီးတို့ ကပ္ပိယတို့ကို စစ်ကြည့်တာတော့ ပိုးမတွေ့သေးဘူး။ အခုတော့ ကျွန်တော်တို့ ဆေးရုံမှာ ပင့်ဆောင်ထားပြီး ကုသပေးနေပါတယ်" အမည်မဖော်လိုသူ တစ်ဦးက   ဩဂုတ်လ(၂၅)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Covid-19 ကူးစက်ခံထားရသည့် ဆရာတော်ဘုရားကြီး၏ အခြေအနေမှာ ဆေးဝါးကုသရန်လိုအပ်သည့်အတွက် ဩဂုတ်လ(၂၄)ရက်နေ့က နေ့တွင်းချင်း စွမ်ဟိန်းဂူကနေ ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံသို့ ပင့်ဆောင်ကာ ကုသပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်၏ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဘရာဇာခူး ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလအား ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က စစ်ဆေးကြည့်ရာမှ Covid-19 စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။

 ဆရာတော်ဘုရားကြီးသည် တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ် (၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်ကြီးအတွင်းတွင် တရားအားထုတ်ခြင်း ဝါတွင်းကာလ တရားတော်များ ဟောကြားတော်မူခြင်းများဖြင့် သာသနာပြုနေရာမှာ (၁၅)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။