အာဏာသိမ်း မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေး မှန်သမျှ တင်ရောက်ခွင့်မပေးရန်  လူ့အခွင့်အရေးအုပ်စုက တိုက်တွန်း

အာဏာသိမ်း မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေး မှန်သမျှ တင်ရောက်ခွင့်မပေးရန်  လူ့အခွင့်အရေးအုပ်စုက တိုက်တွန်း
By Mr John

အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့၏ လက်တစ်ဆုပ်စာ အစည်းအဝေးများကလွဲပြီး အခြား အစည်းအဝေးများတွင် အာဏာသိမ်း မြန်မာစစ်အုပ်စုကို ဆက်လက်ပါဝင်ခွင့်ပြုသည့် အဆိုပြုချက်တစ်ရပ်ကို ပယ်ချရန် လူ့အခွင့်အရေးအုပ်စုတစ်ခုက အာဆီယံကို တိုက်တွန်းလိုက်သည်။ 

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအ‌ဝေး မတိုင်မီ Fortify Rights လူ့အခွင့်အရေးအုပ်စု၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ထံတွင် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရန်အတွက် အကြံပြုထားမှုပါဝင်သော ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ရရှိထားသည်ဟု ပြောသည်။

ထိုစာရွက်စာတမ်းများတွင် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများကလွဲပြီး ကျန်အစည်းအဝေးများတွင်  မြန်မာကို ပုံမှန်အတိုင်း ပါဝင်ခွင့်ပြုသင့်ကြောင်း အဆိုပြုထားထားကြောင်း သိရသည်။ 

ထို့အပြင် အဆိုပါ စာရွက်စာတမ်းတွင် ယမန်နှစ်အတွင်း အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် အာဆီယံခေါင်းဆောင်များနှင့် သဘောတူညီခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက် စွဲကိုင်သင့်ကြောင်းလည်း ပြောထားသည်ဟု Fortify Rights ၏ ထုတ်ပြန်ချက်က ဆိုသည်။

စစ်အုပ်စုမူ အဆိုပါ ဘုံသဘောတူညီချက်များ အားလုံးကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုထားခဲ့ပြီး ရှေ့လုပ်ငန်းစဥ် (၅) ရပ်ဟုဆိုသည့် ၎င်းတို့စိတ်ကြိုက် လုပ်ငန်းစဥ်များကို ချမှတ်ခဲ့သည်။ 

အာဆီယံအနေဖြင့် စစ်အုပ်စုကို အာဆီယံအစည်းအဝေးများ အားလုံးတွင် ပါဝင်တက်ရောက်ခြင်းကို ရပ်ဆိုင်းထားရန်၊ မအောင်မြင်သည့် ဘုံသဘောတူညီချက် (၅) ချက်ကို ဖျက်သိမ်းရန်နှင့် မြန်မာနိုင်ငံ၏ အရပ်သားများကို ကာကွယ်ရန် အရေးပေါ် အစီအမံများ လုပ်ဆောင်ရန် Fortify Rights က ထုတ်ပြန်ချက်တွင် ပြောထားသည်။

အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာလ (၁၀) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ့အရေးမှာ အဓိက ဆွေးနွေးမည့်အကြောင်းအရာလည်း ဖြစ်သည်။ 

အာဆီယံအဖွဲ့၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းရာတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိခဲ့ပေ။ 

လာမည့် ၂၀၂၃ ခုနှစ်တွင်မူ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် မည်မျှ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Source: Bangkok Post