စစ်အုပ်စုနှင့်ပူးပေါင်းခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား ပါတီမှထုတ်ပယ်ဟု NLD ထုတ်ပြန်

စစ်အုပ်စုနှင့်ပူးပေါင်းခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား ပါတီမှထုတ်ပယ်ဟု NLD ထုတ်ပြန်
သြဂုတ် 9, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီ၏ ကာလုံအစည်းအဝေးတက်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့က NLDပါတီ၏ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏ သဘောထားများကို ရယူဆွေးနွေးခဲ့ကာ အများသဘောတူဆုံးဖြတ်ချက်အရ ဦးဟင်နရီဗန်ထီးယူကို ပါတီမှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာအဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည့်အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင်ပြည်သူလူထု၏ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူ သော ပြည်သူလူထုထံပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဦးဟင်နရီဗန်ထီးယူသည် (၂၀၁၆-၂၀၂၁)လွှတ်တော်သက်တမ်းအတွင်း ပါတီမှ ယုံကြည်စွာ တာဝန်ပေးအပ်ခြင်းခံရကာ ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကို အကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်းမြောက်မြားစွာကို ကျူးလွန်နေသော အာဏာလု စစ်အုပ်စုနှင့် ပြီးခဲ့သည့် ဇူလိုင်လ (၃၁)ရက်နေ့တွင်  ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ယင်းသို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ဒုဥက္ကဌများအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  (၉)ဦးတို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သော ပါတီဝင်အများအပြားတို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင် ခံနေရသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်းကျဆုံးခဲ့ရပြီး NLD ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင်ရပ်တည်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

#TachileikNewsAgency